စူပါမားကတ်ရှိ အမျိုးသမီးငယ်တစ်ဦးဟာ ဒေါသကြီးစွာနဲ့ ဝိုင်ပုလင်းပေါင်းမြောက်များစွာကို ရိုက်ခွဲနေတဲ့ ရုပ်သံဖိုင်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်။ ရုပ်သံဖိုင်ထဲက ဝိုင်ပုလင်းတွေရိုက်ခွဲနေသူဟာ Evelin Roldan ဆိုသူအမျိုးသမီးဖြစ်ပြီး သူမဟာ ဝန်ထမ်းကောင်းတစ်ဦး ဖြစ်ပေမယ့် အလုပ်ရှင်က အလုပ်ထုတ်ခဲ့တာ ကြောင့် ဒေါသထွက်ပြီး သတိလက်လွတ်ဖြစ်ခဲ့ရကာ ဝိုင်ပုလင်းတွေကို ရိုက်ခွဲမိခဲ့တယ်လို့ဆိုပါတယ်။

အသက် ၂၅ နှစ်အရွယ်ရှိတဲ့ Evelin Roldan ဆိုသူဟာ အာဂျင်တီးနားနိုင်ငံ၊ Rafaela မြို့ရှိ Apolo စူပါမားကတ်မှာ အလုပ်လုပ်သူတစ်ယောက်ဖြစ်ပါတယ်။ အင်တာနက်ကွန်ယက်ပေါ်မှာ လက်ရှိပျံ့နှံ့နေတဲ့ ရုပ်သံဖိုင်ထဲမှာ Evelin Roldan က စိတ်လွတ်သွားတဲ့အနေအထားရှိပြီး ဝိုင်ပုလင်းတွေတင်ထားတဲ့ စင်ပေါ်ကနေ ထောင်ပေါင်းများစွာ အရေအတွက်ရှိတဲ့ ဝိုင်ပုလင်းတွေကို ရိုက်ခွဲနေခဲ့တာဖြစ်ပါတယ်။

Evelin Roldan ဟာ ဝိုင်ပုလင်း အကွဲတွေကြားထဲမှာ ဒေါသတကြီးနဲ့ အော်နေခဲ့ပါသေးတယ်။ Evelin ရဲ့ အပြုအမူကို တခြားဝန်ထမ်းတစ်ဦးက ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပေမယ့် အလုပ်ရှင်ရဲ့ ရက်စက်မှုကြောင့် ဒီလိုလုပ်ရတာဖြစ်ကြောင်း ပြန်လည် ချေပခဲ့ပါတယ်။
Evelin က အလုပ်မပြုတ်ခံရစေဖို့အတွက် အလုပ်လုပ်နေစဉ်အတွင်း အခက်အခဲမျိုးစုံကို ကျော်လွှားခဲ့ကြောင်း၊ ဂုဏ်သိက္ခာစော်ကားခံရမှုတွေရှိတာတောင် အများကြီး သည်းခံခဲ့ပေမယ့် မတရားသဖြင့် အလုပ်ဖြုတ်ခြင်းကြောင့် ထွက်လာတဲ့ ဒေါသဟာ သူ့ကို သတိလက်လွတ် ဖြစ်စေခဲ့ကြောင်း ပြောခဲ့ပါတယ်။ လက်ရှိမှာတော့ Evelin Roldan ဟာ အထိန်းသိမ်းခံထားရပါတယ်။
source - daily star