Sneaker လောကမှာမသိသူမရှိတဲ့ Adidas နဲ့ Nike တို့ကုမ္ပဏီကြီးနှစ်ခုဟာ ခဏခဏ တရားရုံးထဲ ဝင်လိုက်ထွက်လိုက်၊ဟိုဖက်ကလျော်လိုက်၊ဒီဖက်ကလျော်လိုက်နဲ့ တိုင်ပတ်နေတဲ့ကုမ္ပဏီကြီးနှစ်ခုပါ။အဲ့လိုခဏခဏဖြစ်နေပေမဲ့ ခုတစ်ခေါက် Adidas က Nike ကိုတရားစွဲလိုက်တာကတော့ အရင်အခေါက်တွေထက် နည်းနည်းလေးပိုပြင်းသွားပါပြီ။ဒီတစ်ခေါက်မှာ ရိုးရိုးတရားစွဲတာတောင်မဟုတ်ပဲ အစိုးရဆီကိုတိုက်ရိုက်အမှုတွဲပို့ပြီး စွဲထားတာပါ။

အမှုတွဲထဲမှာဖတ်ရသလောက်တော့ Nike ရဲ့ဒစ်ဂျစ်တယ်ထုတ်ကုန်ဖြစ်တဲ့ App တချို့ဟာ Adidas ရဲ့မူပိုင်ခွင့်တွေနဲ့ ငြိစွန်းနေတယ်ဆိုပြီး စွဲဆိုထားတာဖြစ်ပါတယ်။Nike ရဲ့ Run Club,Traning Club,SNKRS App တွေထဲက လေ့ကျင့်ခန်းလုပ်နေတုန်း အသံနဲ့ Feedback ပေးတဲ့လုပ်ဆောင်ချက်၊GPS ခြေရာခံစနစ်၊Traning Plan တွေ၊နှလုံးခုန်နှုန်းကို ခြေရာခံတဲ့ မော်နီတာတို့လိုမျိုး Third Party Accessories တွေ တွဲသုံးနိုင်တဲ့လုပ်ဆောင်ချက်နဲ့ Limited-Edition ဖိနပ်တွေကို ကြိုတင်အော်ဒါတင်ဝယ်ယူနိုင်မယ့် လုပ်ဆောင်ချက်တွေဟာ Adidas မူပိုင်ခွင့်တင်ထားတွေနဲ့ မလွတ်မလပ်ဖြစ်နေပါတယ်တဲ့။တကယ်တော့အဲ့ဒီလုပ်ဆောင်ချက်တွေဟာ Fitness App တစ်ခုအတွက် အခြေခံလုပ်ဆောင်ချက်တွေပါ။

၂၀၁၄ တုန်းကလည်း Adidas က Under Armour ကိုအဲ့ဒီအကြောင်းပြချက်နဲ့ တရားစွဲခဲ့ဖူးပါတယ်။အဲ့တုန်းကတော့ Under Armour ဖက်ကလိုင်စင်ကြေးပေးဆောင်ခဲ့တဲ့အတွက် ကျေအေးသွားခဲ့ပါတယ်။

Adidas ကသူ့ရဲ့ Confirmed App အကြောင်းကိုလည်း အမှုတွဲထဲမှာအကျယ်တဝင့်ရှင်းပြထားပါတယ်။၂၀၁၅ ခုနှစ်ကစထုတ်ခဲ့တဲ့ အဲ့ဒီ App ထဲမှာဆိုရင် အသုံးပြုသူတွေဟာ Adidas ဖိနပ်တွေအကြောင်းနဲ့ နောက်ထွက်မယ့် ကုန်ပစ္စည်းတွေအကြောင်းကို အသေးစိတ်ဖတ်ရှုနိုင်မှာပါ။အဲ့ဒါထွက်ပြီး သိပ်မကြာခင်မှာထွက်လာခဲ့တဲ့ Nike ရဲ့ SNKRS App ကလည်း Nike ဖိနပ်တွေကို ကြည့်ရှုနိုင်အောင် ပြုလုပ်ပေးထားတဲ့ App ဖြစ်ပါတယ်။ပြောချင်တဲ့သဘောကတော့ Nike ကသူတို့ဆီကနေ Idea ခိုးချခဲ့တယ်ဆိုတဲ့ပုံစံမျိုးပါ။

Nike ရဲ့ Adjustable ဖိနပ်တွေကလည်း Adidas_1 ဆီကနေကူးချထားတယ်ဆိုတဲ့သဘောမျိုး ထပ်ပြောထားပါသေးတယ်။Adidas_1 ဟာအထဲမှာမော်တာတစ်ခုပါပြီး စီးထားသူရဲ့ပြေးနေပုံနဲ့ ပတ်ဝန်းကျင်အခြေအနေကိုလိုက်ကာ ဖိနပ်အလျော့အတင်းကို ချိန်ညှိပေးနိုင်ပါတယ်။

Nike ရဲ့ Adapt နည်းပညာပါတဲ့ဖိနပ်တွေကတော့ Back to The Future ရုပ်ရှင်ထဲကလို ဖိနပ်ကြိုးကို အလိုအလျောက်ချည်ပေးတဲ့နည်းပညာပါ။ဆင်သလိုလိုထင်ရပေမဲ့ ဖိနပ်အတင်းအလျော့နဲ့ ဖိနပ်ကြိုးချည်ပေးတာက တခြားစီပါ။

Adidas ကတော့ရှေ့လျှောက် “တိုက်ရိုက်ဖြစ်စေ၊သွယ်ဝိုက်ပြီးဖြစ်စေ Adidas ရဲ့မူပိုင်ခွင့်တွေနဲ့ မငြိစွန်းစေဖို့”ဆိုပြီးတောင်းဆိုထားပါတယ်။တကယ်လို့ဒီအမှုကိုသာ Adidas ကနိုင်သွားရင်တော့ ကျန်တဲ့ Fitness App တွေပါအကုန်တိုင်ပတ်ကုန်မှာပါ။ဒါပေမဲ့ Adidas ရဲ့လုပ်ဆောင်ချက်တွေထက်ကို အများကြီးပိုသာတဲ့ Fitness App တွေလည်း အများကြီးရှိနေပါသေးတယ်။





