ကိုဗစ်-၁၉ တတိယလှိုင်း ကူးစက်မှုတွေ ရှိနေသေးတဲ့ မြန်မာနိုင်ငံမှာ တစ်ရက်တည်း ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၁,၅၀၀ ကျော်နဲ့ ၅၆ ယောက် ထပ်မံသေဆုံးခဲ့တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၂၀ ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။
ကူးစက်မှုတွေက အကျဉ်းထောင်တွေထဲမှာလဲ ပါဝင်နေပါတယ်။ ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့မရဲစခန်းအချုပ်အတွင်းမှာလည်း အချုပ်သားတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံထားရတယ်လို့ သိရပါတယ်။
အချုပ်သားတွေကို စက်တင်ဘာ ၁၉ ရက်ညနေက ကိုဗစ်-၁၉ စစ်ဆေးပြီး၊ တဆောင်တည်းနေ အမျိုးသားလူငယ်တစ်ယောက်ထံက ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။ သူ့အနေနဲ့ ကျန်းမာရေး ကောင်းမွန်ပါတယ်လို့လည်း သိရပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်ထဲမှာတော့ ပြီးခဲ့တဲ့ ၂၄ နာရီအတွင်း ဓာတ်ခွဲနမူနာ ၁၇,၃၀၉ ခု ကို စစ်ဆေးခဲ့ရာမှာ ရောဂါကူးစက်မှုအသစ် ၁,၅၈၅ ယောက် တွေ့ရှိခဲ့တာမို့ ပိုးတွေ့နှုန်း ၉ ဒသမ ၁၅ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။
ရောဂါပြန်လည်ပျောက်ကင်းသက်သာလာလို့ ဆေးရုံက ဆင်းခွင့်ရသူအရေအတွက်ကတော့ ၁,၉၄၈ ယောက်ရှိနေတယ်လို့ ဆိုပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ကြောင့် သေဆုံးသူ စုစုပေါင်း ၁၇,၁၂၉ ယောက်နဲ့ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၄၄၈,၁၅၈ ယောက် ရှိပါတယ်။
Source : Original Uploader