ပြီးခဲ့တဲ့ ဧပြီလ (၁) ရက်နေ့မှာတော့ မန္တလေးမြို့၊ စိန်ပန်းရပ်အတွင်းမှာ ကျဆုံးသွားတဲ့သူနှစ်ဦးရှိခဲ့တာ ဖြစ်ပါတယ် ။ အဲ့ဒီနှစ်ဦးထဲကမှ အသက် (၁၉) နှစ်အရွယ် လူငယ်တစ်ယောက်ဖြစ်တဲ့ ကိုရဲနေမင်းကတော့ ရုပ်အလောင်းပြန်မရခဲ့တာကြောင့် မိသားစုဝင်တွေခမျာ သူ့အတွက် စျာပနပွဲကိုတောင် မကျင်းပနိုင်သေးတာ ဖြစ်ပါတယ် ။ ကိုရဲနေမင်းက မန္တလေးမြို့၊ စိန်ပန်းရပ် (၄၁× ၉၁) နားမှာ ကျည်ထိမှန်ပြီး ကျဆုံးသွားခဲ့ရတဲ့ သူရဲကောင်းတစ်ဦး ဖြစ်ပါတယ် ။

ကိုရဲနေမင်းက ငယ်ရွယ်တဲ့ လူငယ်တစ်ယောက်ပီပီ တက်တက်ကြွကြွရှိပြီး ရဲရင့်တဲ့စိတ်ဓာတ်နဲ့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ အခုဆိုရင်လည်း ကိုရဲနေမင်းနဲ့ ခင်မင်ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ဦးက သူတို့နှစ်ယောက်နောက်ဆုံးပြောဖြစ်ခဲ့တဲ့ စကားတွေကို လူမှုကွန်ယက်စာမျက်နှာထက်မှာ ပြန်လည်မျှဝေထားတာ ဖြစ်ပါတယ် ။ စာထဲမှာတော့ ကိုရဲနေမင်းက အိမ်မပြန်တာ တစ်ပတ်ရှိနေပြီဖြစ်ပြီး သူ့ရဲ့သူငယ်ချင်းအိမ်မှာပဲနေထိုင်နေတာဖြစ်ကြောင်း ပြောပြခဲ့တာ ဖြစ်ပါတယ် ။


အိမ်ကဖုန်းဆက်ခေါ်တာတောင် မပြန်ဘဲ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ အားသွန်ခွန်စိုက် ပါဝင်ခဲ့တဲ့ ကိုရဲနေမင်းရဲ့စိတ်ဓာတ်က တကယ့်ကို လေးစားချင်စရာကောင်းလှပါတယ်။ "မိဘဆိုတော့လည်း တစ်ခုခုဖြစ်မှာတွေးပြီး ပြောတာပါ ဒါပေမဲ့ မဖြစ်အောင် ဂရုစိုက်လုပ်ရင် အောင်မြင်မှာပါ" ဆိုတဲ့ ကိုရဲနေမင်းရဲ့စကားတွေကတော့ အခုဆိုရင် ပြည်သူတွေကိုပါ စိတ်မကောင်းဖြစ်စေခဲ့တာ ဖြစ်ပါတယ် ။ ဒီစာတွေကို ပြသခဲ့တဲ့ ကိုရဲနေမင်းရဲ့မိတ်ဆွေကလည်း ကတိစကားတစ်ခွန်း ဆိုခဲ့ပါသေးတယ် ။ ကိုရဲနေမင်းတစ်ယောက် ကောင်းရာမွန်ရာဘုံဘဝကို ရောက်ရှိပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်။
Source & Photo Credit-Dan Robert's FB Acc



"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။