အမေရိကန် ပြည်ထောင်စု မီချီဂန်ပြည်နယ်က အထက်တန်း ကျောင်းတစ်ကျောင်းမှာ နိုဝင်ဘာ (၃၀) ရက်နေ့က အသက် ၁၅ နှစ်အရွယ် ကျောင်းသားတစ်ဦးရဲ့ သေနတ်နဲ့ ပစ်ခတ်မှုကြောင့် ဆယ်ကျော်သက် ကျောင်းသား (၃) ဦး သေဆုံးကာ (၈) ဦး ဒဏ်ရာခဲ့ကြောင်း သိရပါတယ်။ ပစ်ခတ်မှုဖြစ်ပွားခဲ့ချိန်ဟာ စာသင်ချိန် မွန်းလွဲပိုင်းလောက်မှာဖြစ်ပြီး ဒဏ်ရာရသူတွေထဲမှာတော့ ဆရာတစ်ဦးလည်း ပါဝင်ခဲ့တယ်လို့ အော့ကလန်ကောင်တီ ရဲအရာရှိရုံးက ပြောဆိုပါတယ်။
သေနတ်ပစ်ခတ်ခဲ့သူ ကျောင်းသားကတော့ ရဲထံ အညံ့ခံခဲ့ပြီး အသုံးပြုခဲ့တဲ့ ပစ္စတိုကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။ သေဆုံးသူ (၃) ဦးမှာ အသက် (၁၆) နှစ်အရွယ် ကျောင်းသား(၁)ဦးနဲ့ အသက် (၁၄) နှစ်နဲ့ (၁၇) နှစ်အရွယ် ကျောင်းသူ(၂)ဦးတို့ပဲ ဖြစ်ပါတယ်။ ဒဏ်ရာရသူတွေထဲမှာတော့ (၆)ဦးက အခြေအနေ ပုံမှန်ရှိနေပြီဖြစ်ကာ (၂)ဦးကတော့ ခွဲခန်းဝင်နေရတယ်လို့ ဆိုပါတယ်။
Oxford ကျောင်းမှာ ယခုလို တိုက်ခိုက်ရခြင်းကို ဘာအတွက်ကြောင့်ပြုလုပ်တယ်ဆိုတာကိုတော့ လတ်တလောမှာ ရှင်းလင်းဖော်ပြနိုင်သေးခြင်း မရှိပါဘူး။ ဖမ်းဆီးမှုအတွက် ခုခံမှု တစ်စုံတရာ မလုပ်ခဲ့ကြောင်း သံသယရှိသူက ရှေ့နေခေါ်ပေးဖို့ တောင်းဆိုခဲ့ကြောင်းနဲ့ ပစ်ခတ်မှုလုပ်ရတဲ့ အကြောင်းရင်းနဲ့ ပတ်သက်ပြီး ဘာထွက်ဆိုချက်မှ မပေးကြောင်း ရဲအရာရှိရုံးက ပြောဆိုခဲ့ပါတယ်။
သတင်း အရင်းအမြစ်៖ Source - ABC News