ကုလသမဂ္ဂရဲ့စိုးရိမ်မှုများအပေါ် အလေးထား၊ မြန်မာအစိုးရအနေဖြင့် ဥပ​ဒေနဲ့အညီဆောင်ရွက်လျက်ရှိ

အခြေအနေ မတည်ငြိမ်သေးတဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းအတွင်း လုံခြုံရေးတပ်ဖွဲ့တွေက နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး လုပ်ဆောင်စဉ် မီးရှို့ဖျက်ဆီးတာ၊ ဖမ်းဆီးရိုက်နှက် အကျဉ်းရုံးသတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေဟာ ဖန်တီးလုပ်ကြံမှုသာဖြစ်ကြောင်း မြန်မာအစိုးရရဲ့ ပြောခွင့်ရသူက ငြင်းဆိုလိုက်ပါတယ်။

ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသမှာ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်နေတယ်ဆိိုတဲဲ့ သတင်းတွေထွက် လာနေတဲ့အပေါ် ကိုင်တွယ်ဖြေရှင်းပေးဖို့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂကျွမ်းကျင်သူတချို့က မြန်မာအစိုးရကို တိုက်တွန်းခဲ့ပြီးနောက် အခုလို ငြင်းဆိုလိုက်တာဖြစ်ပါတယ်။ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

မောင်တောနဲ့ ရသေ့တောင်မြို့နယ်က နယ်ခြားစောင့်ရဲစခန်းတွေကို အောက်တိုဘာ ၉ ရက်နေ့က အကြမ်းဖက်သမားတွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း၊ ရဲတပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်နေတာပါ။ အခုလို အာဏာပိုင်တွေဘက်က လုံခြုံရေးဆိုင်ရာ စစ်ဆင်ရေး အခြေအနေအောက်မှာ နေအိမ်တွေမီးရှို့တာ၊ တရားလက်လွတ် ဖမ်းဆီးသတ်ဖြတ်တာတွေ ဖြစ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကို သူတို့အနေနဲ့ ထပ်ခါတလဲလဲ လက်ခံရရှိထားတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂလူ့အခွင့်အရေး အထူးစုံစမ်းစစ်ဆေးရေးမှူး မစ္စ ယန်ဟီးလီက ပြောတာကို အောက်တို ဘာလ ၂၄ ရက်နေ့စွဲနဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေး ကျွမ်းကျင်သူတစုက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ကုလသမဂ္ဂရဲ့ဒီလိုစိုးရိမ်မှုတွေပေါ် အလေးထားပေမယ့် မြန်မာအစိုးရက ဥပေဒနဲ့အညီဆောင်ရွက်နေကြောင်း သမ္မတရုံးဝန်ကြီးဌာနပြောခွင့်ရ ဦးဇော်ဌေးက စွပ်စွဲချက်တွေပေါ် ငြင်းဆိုလို်က်ပါတယ်။

“လူ့အခွင့်အရေးချိုးဖောက်ပြီးတော့ အပြစ်မဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်တွေ အဓမ္မပေါ့နော် တိုက်ခိုက်တယ်၊ သတ်ဖြတ်တယ်ဆိုတာက မဟုတ်ဘူး။ စွပ်စွဲချက်တွေဖြစ်တယ်။ အဲဒါတွေကို ကျနော်တို့က ပယ်ချတယ်။ အဲတော့ အခု လူ့အခွင့်အရေး အစီရင်ခံစာ တင်သွင်းသူ ပြောကြားတဲ့ ထုတ်ပြန်ကြေညာချက်ကို ကျနော်တို့ အလေးထားပါတယ်။ ဘာကြောင့်လဲဆိုတော့ မြန်မာနိုင်ငံအနေနဲ့ စတင် ကိုင်တွယ်ပြီဆိုကတည်းက ကျနော်တို့ တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်ဖို့ ကြိုတင်ပြီးတော့ မူဝါဒချမှတ် ဆောင်ရွက်ခဲ့တာဖြစ်တယ်။ လက်ရှိလည်း အဲဒီအတိုင်း ဆောင်ရွက်နေတာဖြစ်တယ်။ ဆောင်ရွက်နေတဲ့အချိန်မှာ ကုလသမဂ္ဂဘက်ကပေါ့နော် သူတို့ဆီမှာလည်း သတင်းတွေရောက်တယ်။ ခိုင်မာတိကျတဲ့ အထောက်အထားတွေ ရှိတယ်ဆိုရင် ကျနော်တို့ အစိုးရဆီကို ဒီအချက်အလက်တွေ ပေးပို့နိုင်ပါတယ်။ အဲတော့ ဥပဒေနဲ့မညီဘဲ လုပ်နေတာမျိုး မဟုတ်ဘဲနဲ့ အထူးသတိ ထားပြီးတော့ကို ဆောင်ရွက်နေတဲ့ အနေအထားဖြစ်တယ်။”

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တဝိုက် မူဆလင်ကျေးရွာတွေကို လုံခြုံရေးတပ်ဖွဲ့က မီးရှို့တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပြီး၊ ဒါတွေဟာ အစွန်းရောက် အကြမ်းဖက်သမားတွေရဲ့ စွပ်စွဲချက်တွေသာ ဖြစ်တယ်လို့ ဦးဇော်ဌေးက ရှင်းပြပါတယ်။

“လောလောဆယ်လည်း ဒီသတင်းတွေ ထွက်ပေါ်လာတဲ့အတွက် စစ်ဆေးမှုတွေ လုပ်တဲ့အခါမှာ ခုနကပြောတဲ့ ရွာတွေ မီးရှို့တယ်ဆိုတာက ၀ါးပိတ်ကျေးရွာနဲ့ ကျီးကန်းပြင်နားက ရွာလေးတရွာပေါ့။ ဒါတွေကလည်း အကြမ်းဖက်သမားတွေက အိမ်တွေကို မီးရှို့ပြီး ထွက်ပြေးတယ်။ စပြီး မီးရှို့တဲ့အိမ်တွေကို ရှင်းလင်းတဲ့အခါမှာ သေနတ်တွေ ဖွက်ထားတာ တွေ့ရတယ်။ ဓာတ်ပုံတွေ၊ ဗွီဒီယိုတွေ တချို့ တက်နေတာတွေ တွေ့ရတယ်။ တက်နေတဲ့ဟာတွေက ကျနော်တို့ အခု မောင်တော မဟုတ်ဘဲနဲ့ တခြားဒေသ တခြားနိုင်ငံတွေမှာ ဖြစ်ပွားခဲ့တဲ့ ပုံတွေကို မြန်မာနိုင်ငံမှာ ဖြစ်သလို၊ အတုအယောင်လုပ်ပြီးတော့ ပို့နေတာတွေရှိတယ်။ ဒါတွေလည်း ကျနော်တို့ တွေ့ရတယ်ပေါ့နော်။ ဘာလဲဆိုတော့ အကြမ်းဖက်ကွန်ယက်အဖွဲ့ကို ပံ့ပိုးပေးနေတဲ့ အဖွဲ့တွေ၊ တခြား အစွန်းရောက်အဖွဲ့တွေက သတင်းဌာနတွေကို တယ်လီဖုန်းတွေဆက်တယ်။ မေးလ်တွေ ပို့တယ်။ သတင်းမျိုးစုံပို့နေတယ်။ အလားတူပဲ ကုလသမဂ္ဂကိုလည်း ပို့လိမ့်မယ်ဆိုတာ ကျနော်တို့က ယုံကြည်တယ်။”

တကယ်တော့ ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ ရဲတပ်ဖွဲ့က အကြမ်းဖက်တရားခံတွေကို ဖမ်းဆီးရမိရေးနဲ့ အလုယက်ခံရတဲ့ လက်နက်တွေ ပြန်လည်ရရှိရေးကိုသာ အဓိကထားဆောင်ရွက်နေကြောင်း၊ ဒီလိုလုပ်ဆောင်ရာမှာ ဖမ်းဆီးရမိတဲ့ အကြမ်းဖက်သမားတွေကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ ဂျနီဗာလမ်းညွှန်ချက်နဲ့အညီ ဆောင်ရွက်နေခြင်း ဖြစ်တယ်လို့ ဦးဇော်ဌေးက ရှင်းပြပါတယ်။

“အခု ရဲနဲ့ တပ်မတော်နဲ့ ပူးပေါင်း စစ်ဆင်ရေးဝင်နေတဲ့ အဖွဲ့ရဲ့ အဓိကတာဝန်က နံပါတ်တစ် အဲဒီ ပါသွားတဲ့ လက်နက်တွေ ပြန်ရအောင်လုပ်ရမယ်။ နံပါတ်နှစ် ဒီအကြမ်းဖက်တိုက်ခိုက်မှုမှာ ပါဝင်တဲ့ အစွန်းရောက်အကြမ်းဖက်လိုစိတ်ရှိတဲ့ အကြမ်းဖက်သမားတွေ ဒီလူတွေကို ဖော်ထုတ်ပြီးတော့ ဥပဒေအတိုင်းပဲ အရေးယူမယ်။ ဖမ်းဆီးစစ်ကြောတဲ့အခါမှာကိုပဲ ကျနော်တို့က ဂျနီဗာစည်းမျဉ်းစည်းကမ်းအတိုင်းပေါ့နော် နှိပ်စက်ညှဉ်းပမ်းတာမျိုးတွေ မလုပ်ဘဲနဲ့ သူတို့ကို မေးမြန်းတဲ့ ပုံစံမျိုးနဲ့ စစ်ဆေးတာဖြစ်တယ်။ သတင်းအမှား ဖြန့်ဖြူးမှုတွေရဲ့ သက်ရောက်မှုဆိုတာ ကျနော်တို့ဘက်ကလည်း သတိပြုမိတယ်။ သူတို့စိုးရိမ်တယ်ဆိုတာလည်း လက်ခံတယ်။ သူတို့စိုးရိမ်တဲ့အတိုင်း ကျနော်တို့က လုပ်နေတာမဟုတ်ဘူးဆိုတာကို ကျနော်တို့က ပွင့်ပွင့်လင်းလင်းပဲ ရှင်းပြမှာဖြစ်တယ်။”

အောက်တိုဘာလ ၉ ရက်နေ့ ရခိုင်ပြည်နယ် မောင်တောတိုက်ခိုက်မှုအတွင်း ရဲဝန်ထမ်း ၉ ဦးသေဆုံးခဲ့ပြီး၊ လက်နက်မျိုးစုံ ၄၈ လက်နဲ့ ကျည် မျိုးစုံ ၆၆၀၀ ကျော် အလုယက်ခံရသလို အကြမ်းဖက်သမား ၈ ဦး အလောင်းနဲ့ ၂ ဦးကို အရှင်ဖမ်းဆီးနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီအကြမ်းဖက် တိုက်ခိုက်မှုကို အဓိကဦးဆောင်တဲ့ မောင်တော ကျောက်ပြင်ဆိပ် ရွာသား ‘ဟာဗစ်တူဟာရ်’ နဲ့ အခြားခေါင်းဆောင်ပိုင်းကိုတော့ ခုထိ ဖမ်းမမိ သေးပါဘူး။ လက်ရှိအချိ်န်ထိ စစ်ဆင်ရေးအတွင်း တပ်မတော်သား ၅ဦးကျဆုံးခဲ့ပါတယ်။ မောင်တောမြို့ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် စိုးရိမ်ချက်နဲ့ ထွက်ပြေးခဲ့ကြတဲ့ ရခိုင်ဒေသခံ ၁ သောင်း ၃ ထောင်လောက်ရှိတယ်လို့ နို်င်ငံတကာ အကူအညီပေးရေး NGO အဖွဲ့တွေက သတင်း ထုတ်ပြန်ထားပြီး၊ မောင်တောမြို့ပေါ်အပါအဝင်၊ ဘူးသီးတောင် စစ်တွေမြို့တွေမှာ ခိုလှုံနေကြပါတယ်။ အဲဒီထဲက တချို့ဟာ မောင်တောမြို့ကို ပြန်လည်အခြေချနေကြပြီလို့ အစိုးရသတင်းတွေက ဆိုပါတယ်။

ကုလသမဂ္ဂ UNHCR, WFP နဲ့ နယ်စည်းမခြားဆရာဝန်များအဖွဲ့ MSF အဖွဲ့တွေဟာ ရခိုင်ပြည်နယ် ဒုက္ခသည်တွေအတွက် စားဝတ်နေရေး၊ ကျန်းမာရေးအတွက် ကူညီထောက်ပံ့နေပေမယ့်၊ အဲဒီဒုက္ခသည်တွေကို သွားရောက်ကူညီနိူင်မယ့် လမ်းကြောင်းတွေ လုံခြုံရေးအတွက် ပိတ်ထားတာကြောင့် အကူအညီလိုနေတဲ့ ဒေသခံတွေအတွက် စိုးရိမ်မိကြောင်း INGO အဖွဲ့တွေက ပြောပါတယ်။

[Source : http://burmese.voanews.com/a/rakhine-un-/3566472.html… ]

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။