ဖြူ ဖြူ ကျော်သိန်း ဖြေတဲ့ မေးခွန်းငါးခု

အသံပါဝါကောင်းကောင်း ဖက်ရှင်ခပ်လန်းလန်း performance ခပ်ဆန်းဆန်းတွေနဲ့ တေးသံရှင်လို့ပြောလိုက်ရင် အားလုံးက ဖြူ ဖြူ ကျော်သိန်း ကိုသတိရကြမှာပါ။ "အတွင်းကြေ" ဆိုတဲ့ သီချင်းနဲ့ လူသိများခဲ့ပြီး "ဝါးတားပါတီရေပါတီ" သီချင်းဟာဆိုရင်ဖြင့် နိုင်ငံနဲ့အဝှမ်း ကျေးလက်ဒေသပါမကျန် ဟိုးလေးတကျော်ကျော်ဖြစ်ခဲ့ရတဲ့အထိ အောင်မြင်ခဲ့တဲ့ ဖြူ ဖြူ ပါ။ ပရိသတ်တွေသိချင်တဲ့ မေးခွန်းတွေအမေးခံရလို့ ဖြေပေးတိုင်းလည်း Smart ကျကျ အချက်ကျကျနဲ့ပြောဆိုတတ်တဲ့ ဖြူ ဖြူ ဟာ အခုဆိုရင်လည်း ပရိသတ်အတွက် Yope ကမေးတဲ့ မေးခွန်းငါးခုကို အခုလိုပဲ ဖြေကြားပေးခဲ့တာ တွေ့ရပါတယ်။

မေး - အနုပညာ သက်တမ်း ၁၃ နှစ်ကျော် ကြာအောင် အောင်မြင်မှုတွေ ထိန်းသိမ်းနိုင်ဖို့ အတွက် မဖြူအနေနဲ့ အရေးပါတဲ့ စွန့်လွှတ်မှုတွေက ဘာတွေများ ဖြစ်မလဲ။

ဖြေ - အောင်မြင်မှုကို ထိန်းသိမ်းဖို့ အရေးပါတဲ့ စွန့်လွှတ်မှုဆိုရင်တော့ စွန့်လွှတ်ခဲ့ရတယ်လို့တော့ ဖြူဖြူ မမြင်ပါဘူး။ ကိုယ်လုပ်ချင်လို့ ကိုယ်လုပ်ချင်လို့ ရွေးချယ်လုပ်ခဲ့တာ ဆိုတော့လေ။ အဓိကကတော့ သတ္တိရှိုဖို့လိုတယ်၊ ရိုးသားဖို့လိုတယ်။ ဖြောင့်မှန်ဖို့၊ စိတ်ဓာတ်ခိုင်မာဖို့လည်း လိုတယ်။ နောက်ပြီးတော့ ဉာဏ်ပညာအရင်းရှိဖို့လည်း လိုတာပေါ့နော်။ အဲတာတွေကိုတော့ အဓိကကျတယ်လို့ ထင်တယ်။ ဒါပေမယ့်လည်း ဒါတွေကို စွန့်လွှတ်စွန့်စားပြီး လုပ်ရတယ်လို့လည်း မထင်ပါဘူး။ နောက် အရေးကြီးတာက ကျတော့ ပရိသတ်ရဲ့ အားပေးမှုလည်း လိုပါတယ်။ ကိုယ်ကတော့ ကိုယ်လုပ်ချင်တဲ့ အရာအပေါ် လုပ်ခွင့်ရလိုက်တဲ့ အပေါ်မှာ သက်သက်ကြီး ငါ ဒါစွန့်လွှတ်လိုက်ရတဲ့ စိတ်မျိုးတော့ တစ်ခါမှ မဖြစ်ဖူးပါဘူး။

မေး -ယောက်ျားလေးတွေရဲ့ အချစ်ကို ဘယ်လိုအဓိပ္ပာယ် ဖွင့်ချင်လဲ။

ဖြေ- ကိုယ်က မိ်န်းကလေးဆိုတော့ မိန်းကလေး အချစ်ကိုပဲ သိပါတယ်။ ယောကျ်ားလေးတွေ ဘက်ကတော့ ဘယ်လို ချစ်တတ်လဲဆိုတာကိုတော့ ဖြူဖြူ မပြောတက်ဘူးရှင့်။ ကိုယ်က မိန်းကလေးဆိုတော့ မိန်းကလေး ဘက်ကတော့ သိတယ်လေ။

မေး - မြန်မာအက္ခရာ (ဘ) နဲ့ ပတ်သတ်ပြီး အမဘဝထဲမှာ အမှတ်တရဖြစ်စေတဲ့ ဖြစ်ရပ်ကို ပြောပြပါ။

ဖြေ- ဘ လို့ ပြောလိုက်တာနဲ့ တန်းမြင်တာက ဘဝပေါ့။ ဘဝက ဖြူဖြူ့အတွက် အရမ်း အဓိပ္ပါယ်ရှိတယ်၊ ဘဝမှာ နေရတာကို ပျော်တယ်။ စိတ်လှုပ်ရှားစရာလည်း ကောင်းတယ်။ အဲဒီ ဘဝကို ဘယ်လို တည်ဆောက်ချင်လဲဆိုရင် ဉာဏ်ပညာနဲ့လည်း တည်ဆောက်ချင်တယ် ချစ်ခြင်း မေတ္တာနဲ့လည်း တည်ဆောက်ချင်တယ်။ အဲဒီဘဝဆိုတာ တစ်နေ့ ပြီးဆုံးသွားတဲ့ အခါကျရင် နာမည်ကောင်းနဲ့ ကျန်ခဲ့ချင်တယ်။ ဒါပေမယ့် အဲတာ သိပ်ခက်တာပဲ။ ဘဝ ဖြတ်သန်းရတာလေနော်။ နေ့တိုင်း အသေးစိတ်ရွေးချယ်ပြီး ဖြတ်သန်းရတယ်။ အဲလို ဘ လို့ ကြားလိုက်တော့ ဘဝနဲ့ တွဲပြီး အဲတာလေးတွေတော့ မြင်သွားပါတယ်။ နောက် အများကြီး ကြိုးစားရဦးမယ်လို့လည်း စိတ်ထဲမှာ ထင်မိတယ်။

မေး -လက်ရှိအခြေအနေမှာ အစ်မ ကိုယ့်ကိုကိုယ် ဘယ်လိုသုံးသပ်ထားလဲ။

ဖြေ- ဖြူဖြူက ကိုယ့်ကိုယ်ကိုဆို ရှုထောင့် တစ်ခုဆိုတာထက် နှစ်ခုလောက်ကနေ အမြဲတမ်း စဉ်းစားတယ်။ တစ်ဖက်က ကြည့်မယ်ဆိုရင် ကိုယ်လက်ရှိဖြစ်နေတဲ့ ဘဝကို အတိုင်းအတာ တစ်ခုထိ အခုနေ သေသွားမယ် ကျေနပ်လားဆိုရင် ဟုတ်တယ် အကောင်းမြင်တဲ့ ဘက်ကနေကြည့်ပြီး ကျေနပ်တယ်။ ကိုယ့်ဘဝကို ကိုယ် အတိုင်းအတာတစ်ခုအထိ အကောင်းဆုံး ဖြတ်သန်းခဲ့ပြီးပြီ ပေါ့နော်။ နောက်တစ်ခုက ကျတော့ လူဆိုတာ ရှင်နေလျက်နဲ့တော့ ဆက်ကြိုးစားရမှာပေါ့နော်။ အဲဒါဆို ဘာလုပ်ရမလဲ၊ ဖြူဖြူအများကြီး ကြိုးစားရဦးမယ်ပေါ့နော်။ အဲလို မြင်တယ်။

မေး -မြန်မာနိုင်ငံရဲ့ ပထမဆုံး မြန်မာပြည်ရဲ့ သမ္မတသာ ဖြစ်လာခဲ့မယ်ဆိုရင် ဘယ်လိုနေရာတွေကို ပြုပြင်ပြောင်းလဲချင်လဲ။

ဖြေ- အဲတာဆိုရင်တော့ ဖြူဖြူ လုပ်ချင်တာ တစ်ခုပဲရှိတယ်။ အန်တီ ဒေါ်အောင်ဆန်းစုကြည်ကို အဲဒီရာထူးပေးလိုက်မှာ။ ဖြူဖြူ မလုပ်ဘူး၊ ဖြူဖြူမှ မလုပ်တတ်တာ။

တေးသံရှင် ဖြူ ဖြူ ကျော်သိန်းဟာ သူမရဲ့ ဧပရယ်ဖူးလ် အခွေကို ၂၀၁၇ ဧပြီအမီ ဖြန့်ချီနိုင်ဖို့အတွက် ကြို းစားနေပြီး "The Queens" Orchesta ပွဲမှာလည်း ချစ်သော ညီအမ သုံးယောက်နဲ့အတူ ဖျော်ဖြေသွားဦးမှာပါလို့ သိရပါတယ်။

Source: Yope

Go Goe

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။