တိမ်းမှောက်နစ်မြုပ်ခဲ့သည့် အောင်စိုးမိုးကျော်အမြန်ယာဉ်မှာ တရားဝင်ပြေးဆွဲခွင့်လိုင်စင်မရှိဘဲ မောင်းနှင်
အောက်တိုဘာ ၁၅ ရက်နေ့ နံနက်ပိုင်းက ချင်းတွင်းမြစ်အတွင်း တိမ်းမှောက်ခဲ့သော အောင်စိုးမိုးကျော် အမြန်ယာဉ်နှင့် ပတ်သတ်၍ သတင်းစာရှင်းလင်းပွဲကို မုံရွာမြို့ ခရိုင်စီမံခန့်ခွဲရုံးရှိ မြသလ္လာအစည်းဝေးခန်းမတွင် အောက်တိုဘာ ၂၂ ရက်နေ့က ပြုလုပ်ခဲ့ကြောင်းသိရသည်။
ယင်းရှင်းလင်ပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးသန်းညွန့်ဝင်းက ရေယာဉ်ပြေးဆွဲခွင့်လိုင်စင်နှင့် ပတ်သတ်၍ "အောင်စိုးမိုးကျော်ရေယာဉ်ရဲ့ မှတ်ပုံတင်ထားတဲ့အမည်က ရွှေသီဟဖြစ်ပြီး အောင်စိုးမိုးကျော် ရေယာဉ် ၂ အမည်နဲ့ မှတ်ပုံတင်ထားခြင်းလုံးဝ မရှိပါဘူး။ ဒီလို အမည်ပြောင်းပြီး ပြေးဆွဲလို့မရပါဘူး။ ယာဉ်မှတ်ပုံတင်အမှတ် ( ၈၈၄၅ ) ရွှေသီဟအမည်နဲ့ မှတ်ပုံတင်ထားပြီး ပိုင်ရှင်အမည်က ဦးဆန်းဝင်းဖြစ်ပြီး အောင်စိုးမိုးကျော် ဆိုတဲ့အမည်ကို ပြောင်းလဲပြေးဆွဲနေတာပါ။ လိုင်စင်သက်တမ်းကလည်း ကုန်လွန်နေပါပြီ" ဟု ရှင်းလင်းပြောကြားခဲ့သည်။
လက်ရှိအချိန်တွင် တရားဝင်မှတ်ပုံတင်ထားသည့်ရေယာဉ်အမည်နှင့် လက်ရှိပြေးဆွဲလျက်ရှိနေသည့် ရေယာဉ်အမည်တို့ ကွဲလွဲနေသည့် ရေယာဉ်ပေါင်းများစွာရှိနေပြီး ရေယာဉ်မောင်းလိုင်စင်မရှိသည့် ရေယာဉ်မောင်းများဖြင့် ပြေးဆွဲနေကြောင်းသိရသည်။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက "ဒါဟာ အဓိကတာဝန်ရှိသူတွေဖက်က အဆင့်ဆင့် အားနည်းခဲ့တာပါ။ အားလုံးရဲ့ စီစစ်မှုညံ့ဖျင်းခဲ့လို့ အခုလို အသက်ပေါင်းများစွာ ဆုံးရှုံးခဲ့ရတယ်" ဟု ဆက်လက်ပြောကြားခဲ့သည်။
အောင်စိုးမိုးကျော်(၂) အမည်ဖြင့် ပြေးဆွဲခဲ့ပြီး တိမ်းမှောက်မှုကြောင့် သေဆုံးသွားခဲ့သည့်သူများအတွက် တစ်ဦးလျှင် ကျပ် ၂၂ သိန်းစီ ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အမြန်ယာဉ်တိမ်းမှှောက်မှု၏ အဓိကတာဝန်ရှိသူများဖြစ်သည့် ရေယာဉ်မောင်းနှင့် ရေယာဉ်ပိုင်တို့ကလည်း ယခုအချိန်ထိ ထွက်ပြေးလွတ်မြောက်နေဆဲကြောင်း သိရသည်။
Source: Local Daily News
Go Goe
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။