ထိုင်းနိုင်ငံရဲ့ လူသိများတဲ့ ဈေးဝယ်စင်တာ တစ်ခုမှာ ထိတ်လန့်အံ့ဩစရာဓားပြတိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး ထိုင်းဆိုရှယ်မီဒီယာတွေမှာလည်း လူပြောများခဲ့ပါတယ်။
စက်တင်ဘာလ (၁၂)ရက်နေ့ နေ့လည်(၃)နာရီဝန်းကျင် အချိန်လောက်က ထိုင်းနိုင်ငံ ဘန်ကရစောင်ကျေးရွာအုပ်စု၊ နွန်ထဘူရီမြို့နယ် နွန်ထဘူရီခရိုင်ရှိ ရာထနာဌီဘက် Big C စင်တာထဲမှာ မိန်းကလေးတစ်ဦးက ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။
အသက်(၁၇)နှစ် အရွယ် အဆိုပါမိန်းကလေးဟာ Big C စင်တာမှာ ဖွင့်လှစ်ထားတဲ့ ရွှေဆိုင်တစ်ဆိုင်ကို အရှည် (၇)လက်မလောက်ရှိတဲ့ အိမ်သုံးဓားကို အသုံးပြုပြီး ဓားထောက် ဓားပြတိုက်ခဲ့တာ ဖြစ်ပါတယ်။ ရွှေတွေကို အိတ်အမဲထဲကောက်ထည့်ပြီး ထွက်ပြေးဖို့လုပ်နေစဉ်မှာပဲ ရာထနာဌီဘက်ရဲစခန်းမှ ရဲအရာရှိတွေက တရားခံမိန်းကလေးကို ဖမ်းဆီးနိုင်ခဲ့တယ်လို့ သိရပါတယ်။
ဓားပြတိုက် ယူဆောင်ထွက်ပြေးတဲ့ ရွှေကဘတ်(၄)သိန်းဖိုးလောက်ရှိပြီး တရားခံမိန်းကလေးကိုတော့ သက်သေခံပစ္စည်းနဲ့အတူ ရာထနာဌီဘက်ရဲစခန်းမှာ ထိန်းသိမ်းထားကြောင်း သိရပါတယ်။
အဆိုပါဖြစ်ရပ်ကြောင့် ဈေးဝယ်စင်တာရှိပြည်သူတွေက ထိတ်လန့်ခဲ့ကြပြီး ဓားပြတိုက်သူဟာ မိန်းကလေးတစ်ယောက်ဖြစ်တာကြောင့်လည်း အံ့ဩနေကြတာ ဖြစ်ပါတယ်။