ခုကာလမှာ စိတ်ဖိစီးမှုများကြတာကြောင့် တော်တော်များများဟာ ဆံပင်အရမ်းကျွတ်တဲ့ဝေဒနာကို ခံစားနေကြရပါတယ်။ဒီနေ့မှာတော့ ဆံပင်ကျွတ်တာကိုသက်သာလာစေနိုင်မယ့်အကြောင်းအရာတွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။
၁။ဆံပင်ကိုတင်းကျပ်စွာမစည်းနှောင်ပါနဲ့။
ဆံပင်တွေဟာ အများကြီးဆန့်နိုင်ကျုံ့နိုင်တဲ့စွမ်းရည်ရှိကြပါတယ်။ဒါကြောင့် ဆံပင်ကို တင်းကျပ်စွာစည်းနှောင်လိုက်ရင် ဆံပင်တွေဟာ ဆန့်ထွက်လာပြီး သင့်ရဲ့ဦးရေနဲ့ဆံသားချည်နှောင်နေမှုကိုလျော့လာစေပြီး ဆံပင်ကျွတ်တာပိုဖြစ်လာစေနိုင်ပါတယ်။ဒါကြောင့်ဆံပင်ကိုတင်းကျပ်စွာစည်းနှောင်ခြင်းမှရှောင်ပေးပါ။
၂။အပူလွန်ကဲစွာ အသုံးပြုခြင်းကိုရှောင်ပါ။
ယခုခေတ်မှာ အပူပေးဆံပင်ပြုပြင်စက်တော်တော်များများကိုအသုံးပြုပြီး ဆံပင်အလှဆင်ခြင်းကိုပြုလုပ်ကြပါတယ်။ဒါဟာတစ်ခါတစ်လေအတွက် သင့်တော်ပေမယ့် အမြဲလုပ်လာတဲ့အခါမှာ ဆံသားရဲ့အရင်းပိုင်းကိုရေဓာတ်ခမ်းခြောက်စေလာပြီး ဆံပင်ကျွတ်ခြင်းကို ပိုမိုဖြစ်စေနိုင်ပါတယ်။ဒါကြောင့် ဒီအချက်ကိုလည်းရှောင်ကျဥ်ပေးပါ။
၃။Chemical များတဲ့ ခေါင်းလျှော်ရည်တွေအသုံးပြုခြင်းမှရှောင်ကျဥ်ပေးပါ။
ဓာတုပစ္စည်းပါဝင်မှုများတဲ့ခေါင်းလျှော်ရည်တွေဟာလည်း သင့်ဆံသားကို ပျက်ဆီးစေနိုင်ပြီး ဆံပင်ကို ကျွတ်စေနိုင်ပါတယ်။ဒါ့အပြင် ဆံပင်ဆေးဆိုးခြင်း၊အရောင်ချွတ်ခြင်း အစရှိတဲ့အရာတွေကလည်း သင့်ဆံပင်ကိုထိခိုက်စေတာကြောင့်ခဏခဏမပြုလုပ်ဖို့ အကြံပေးပါရစေ။ဖြစ်နိုင်ရင် သဘာဝခေါင်းလျှော်ရည်တွေအသုံးပြုဖို့လည်းအကြံပေးပါရစေ။
၄။ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ်တိုက်ရိုက်မတင်ပါနဲ့။
ခေါင်းလျှော်ရည်ကို ဦးရေပြားပေါ်တိုက်ရိုက်တင်လိုက်ခြင်းဟာ ဦးရေပြားကိုထိခိုက်စေတာကြောင့် ဆံပင်ကျွတ်စေနိုင်တဲ့အပြင် ဗောက်ထတာကိုလည်းဖြစ်ပွားစေနိုင်ပါတယ်။ဒါကြောင့် ခေါင်းလျှော်တဲ့အခါ ခွက်တစ်ခုထဲကို ရေနဲ့ ခေါင်းလျှော်ရည် ထည့်ပြီး သမအောင်မွှေပြီးမှသာ ခေါင်းပေါ်လောင်းချကာလျှော်ပေးပါ။ဒီအချက်သင့်ကို ဆံပင်ကျွတ်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။
၅။ရေစိုနေတဲ့အချိန် ဘီးဖြီးခြင်းမှရှောင်ပေးပါ။
ရေစိုနေတဲ့အချိန် ဆံသားဟာ ရှုပ်ထွေးနေတာကြောင့် ပိုမို ကျွတ်လွယ်ပါတယ်။ ဒီလိုအချိန်မှာ ဘီးနဲ့ဖြီးချလိုက်ရင်တော့ မိမိရဲ့ ဆံပင်တွေဟာ အများကြီး ကျွတ်လာနိုင်တာမို့ ဒီအချက်ကိုလည်းရှောင်ပေးရမယ်နော်။
ဒီအချက်၅ချက်ကို သတိထားလိုက်ရင်တော့ ဆံပင်ကျွတ်တာကို တဖြည်းဖြည်း ထိန်းချုပ်လာနိုင်မှာ အသေအချာပါပဲ။