ပြီးခဲ့တဲ့ဩဂုတ်လက အာဖဂန်နစ္စတန်မြို့တော် ကာဘူးလ်ကို တာလီဘန်တွေ ထိန်းချုပ်လိုက်ပြီးနောက် ထောင်နဲ့ချီတဲ့ပြည်သူတွေဟာ ရရာလေယာဉ်နဲ့ နိုင်ငံအတွင်းက ထွက်ဖို့အတွက် ကြိုးစားခဲ့ကြတာကို ကမ္ဘာတစ်ဝှမ်း သိရှိခဲ့ကြပါတယ်။ အာဖဂန်နစ္စတန်မှာ နိုင်ငံရေးအခြေအနေ အပြောင်းအလဲများကို တစ်ကမ္ဘာလုံးက အာရုံစိုက်နေကြသလို အကြမ်းဖက်မှုတွေကို ပြည်သူတွေကလည်း စိုးရိမ်ထိတ်လန့်နေကြတာ ဖြစ်ပါတယ်။
စက်တင်ဘာ (၇) ရက်နေ့က တာလီဘန်များမှ အစိုးရအသစ်ဖွဲ့စည်းပြီးကြောင်း ကြေညာခဲ့ပြီးနောက် ပြည်သူတွေအများအပြား လမ်းပေါ်ထွက်ဆန္ဒပြမှုတွေ ပြုလုပ်ခဲ့ကြပါတယ်။ အမျိုးသမီးများ တန်းတူအခွင့်အရေးရရှိရေးနှင့် လွတ်လပ်စွာပြောဆိုနိုင်ခွင့်ရှိရေးတို့အတွက် အာဖဂန်လူမျိုးများ နိုင်ငံအနှံ့အပြားတွင် ဆန္ဒပြခဲ့ကြသလို ပြီးခဲ့တဲ့တစ်ပတ်အတွင်းမှာလည်း နိုင်ငံအနှံ့ဆန္ဒပြပွဲတွေ ပိုမိုများပြားလာခဲ့ပါတယ်။ မြို့တော် ကူဘူးလ်မှာ လူပေါင်းရာချီပါဝင်တဲ့ လူစုလူဝေးများစွာ စုဝေးဆန္ဒပြခဲ့ကြတာကြောင့် တာလီဘန်များက သေနတ်များပစ်ဖောက်ပြီး လူစုခွဲခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ ဖြစ်တဲ့ ဟီရတ်မြို့မှာလည်း နိုင်ငံအလံကိုဝေ့ရမ်းပြီး “လွတ်မြောက်မှု” ဆိုတဲ့ စကားလုံးကို လူပေါင်းများစွာ သံပြိုင်ဟစ်ကြွေးကာ ဆန္ဒပြချီတက်ခဲ့ကြပြီး ဆန္ဒပြသူနှစ်ဦး ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ ဆန္ဒပြပွဲများကို နိုင်ငံအနှံ့ မြို့ငယ်များမှာလည်း မြင်တွေ့နေရပြီး၊ အမျိုးသမီး အခွင့်အရေးများ ချိုးဖောက်မခံရရေး တောင်းဆိုခဲ့ကြပါတယ်။ ဆန္ဒပြတွေနဲ့ ပတ်သက်ပြီး လူစုလူဝေး မပြုလုပ်ဖို့နဲ့ သတင်းသမားများကို ဆန္ဒပြပွဲများအကြောင်း ဖော်ပြခြင်းမပြုရန် တာလီဘန်အစိုးရ ပြောရေးဆိုခွင့်ရှိသူက တားမြစ်ထားတယ်လို့လည်း သိရပါတယ်။