မြန်မာနိုင်ငံမှာ နိုင်ငံရေး အခြေအနေတွေ မတည်ငြိမ်နိုင်သေးသလို ကပ်ရောဂါဆိုးကြီးကလည်း ဖြစ်ပွားနေတာကြောင့် အလုပ်အကိုင်တွေလည်း ရပ်နားထားရပြီး စားဝတ်နေရေး ကျပ်တည်း ခက်ခဲနေကြသူတွေ မနည်းပါဘူး ။ ဒီလို အချိန်မှာ ရိုးရိုးသားသား ရတဲ့ အလုပ်ကို ရှာဖွေလုပ်ကိုင်စားသောက်နေကြသူတွေ ရှိသလို မတော် မတရား ခိုးဆိုး လုယက်ကာ မင်းမဲ့စရိုက် ဆန်ဆန် ရှာဖွေစားသောက်နေကြတာတွေလည်းရှိပါတယ် ။
မနေ့ ညနေပိုင်းက ဆိုရင်လည်း ရန်ကုန်မြို့ ၇ မိုင်ရုံး လမ်းထဲမှာ လူငယ်တစ်ယောက် ဓားတစ်ချောင်းကိုင်ပြီး လမ်းထဲက အိမ်တွေကို ခေါက်တုံ့ခေါက်ပြန် လျှောက်ကာ အချိန်အတော်ကြာ လိုက်ကြည့်နေတာကို CCTV မှတ်တမ်းမှာ တွေ့ရပါတယ် ။ လမ်းထဲမှာ လူလည်း တော်တော်လေး ရှင်းပြီး ဖြတ်သွား ဖြတ်လာတွေတောင် မရှိသလောက်ပါပဲ ။
ခဏအကြာတော့ မိန်းကလေးတစ်ဦး လမ်းလျှောက်လာတာကို တွေ့ရပြီး ဒီလူငယ်လေးက အနားကပ်ကာ ပိုက်ဆံတောင်းခဲ့တယ်လို့ သိရပါတယ် ။ ပိုက်ဆံရသွားတာကြောင့် ဘာအန္တရာယ်မှ မပြုလိုက်တာကိုလည်း တွေ့ရပါတယ် ။ ဒီဖြစ်ရပ်ကို ကိုယ်တိုင်ကြုံတွေ့ရတဲ့ မိန်းကလေးက ပြန်လည်ပြောပြထားတာဖြစ်ပြီး CCTV မှတ်တမ်းကို ကြည့်ပြီး နောက်နောင် မိန်းကလေးများ သတိထားသွားလာနိုင်ရန် ရည်ရွယ်ပြီး မျှဝေပေးခဲ့တာကြောင့် ပရိသတ်ကြီးအတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ် ။