စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူတို့ ချစ်သူနှစ်ဦးဟာ မြန်မာနိုင်ငံတွင် ကိုဗစ်တတိလှိုင်းစတင်ဝင်ရောက်စဉ်ကာလကတည်းကနေ အခုချိန်ထိ ပြည်သူတွေ လိုအပ်တဲ့ အောက်ဆီဂျင်တွေကို အကူအညီပေးနေကြသူတွေ ဖြစ်ပါတယ်။ စိန်ဖြိုးလှိုင်ကိုယ်တိုင်လည်း ဆရာဝန်ဖြစ်တာကြောင့် အွန်လိုင်းမှတစ်ဆင့် လိုအပ်တဲ့ ဆေးကုသမှုတွေဆောင်ရွက်ပေးခဲ့တာ ဖြစ်ပါတယ်။ အခုလို အခကြေးငွေမယူဘဲ ပရဟိတအနေဖြင့်သာ ကူညီပေးခဲ့သော်လည်း မသမာသူများမှ သူတို့နာမည်များဖြင့် ပြည်သူများကို အကွက်ကျကျ အလှူငွေတွေ လိမ်လည်ကောက်ခံနေတာ ဖြစ်ပါတယ်။
မကြာသေးခင် နာရီပိုင်းလောက်ကလည်း စိန်ဖြိုးလှိုင်ရဲ့ Facebook Page မှာ သူ့နာမည်ကို အလွဲသုံးစားလုပ်ပြီး အလှူငွေတွေလိမ်လည်နေသူများကို သက်သေများနဲ့အတူ ချပြလာခဲ့ပြီ ဖြစ်ပါတယ်။ လူလိမ်မှာ စိန်ဖြိုးနာမည်နဲ့ Viber Profile အတုလုပ်ပြီး သူတို့ရဲ့ Page မှာ ရင်နှီးတယ်လို့ ထင်ရလောက်သူများကို အလှူလိုက်ခံပြီး ငွေတွေလွှဲခိုင်းနေတာ ဖြစ်ပါတယ်။ ငွေတွေလိုက်လိမ်နေသူတွေရဲ့ ဘဏ်အကောင့်တွေကိုလည်း ချပြထားတာဖြစ်တာကြောင့်သတိထားကြဖို့ အသိပေးရေးသားလာတာ ဖြစ်ပါတယ်။
သူတို့နှစ်ဦးဟာ ဘာအကြောင်းနဲ့မှ အလှူမခံကြောင်းနဲ့ လက်ရှိလှူနေတာတွေအားလုံးကလည်း ကိုယ်တိုင်တိုက်ရိုက် လှူနေခြင်းသာဖြစ်ကြောင်းကိုလည်း စိန်ဖြိုးလှိုင်မှ ရေးသားထားပါတယ်။ ဒီလိုကိစ္စမျိုးတွေ မတင်ချင်ပေမယ့်လည်း သူတို့နှစ်ဦးကို အထင်မလွဲစေရန်နဲ့ မိတ်ဆွေသူငယ်ချင်းများ အလိမ်မခံရစေဖို့ အခုလို အသိပေးလာတာဖြစ်ကြောင်း ရေးသားထားပါတယ်။ ဒီကာလမှာ မသမာသူလူတစ်စုမှ နာမည်ကြီးအနုပညာရှင်တစ်ချို့ရဲ့နာမည်တွေကို အလွဲသုံးစားလုပ်ပြီး အလှူငွေတွေကို ပုံစံအမျိုးမျိုးဖြင့် လိမ်လည်ကောက်ခံနေတာကြောင့် ပြည်သူတွေအနေနဲ့ သတိထားကြဖို့ ပြောကြားရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။
Source and Photo Crd-Sein Phyo & Yi’s Facebook Page