မိန်းကလေးပရိသတ်တွေရဲ့ အသည်းစွဲ အဆိုကျော်ရွှေထူးမှာ ချစ်စရာကောင်းတဲ့ အကျင့်လေးတစ်ခုရှိပါတယ်။ ဘုရားတရားမမေ့ဘဲ အမြဲလိုလိုဘုရားသွား၊ ကျောင်းတက်လုပ်တာပါ။ ဘယ်လိုအချိန်အခါမျိုးပဲဖြစ်ဖြစ် သူ့စိတ်ထဲ အာသီသ ရှိလာပြီ ဆိုရင် အကျႌအဖြူနဲ့ ပုဆိုးဝတ်၊ ဘုရားတက်၊ ပန်း၊ ရေချမ်း၊ ဆီမီးကပ်၊ ငါးစာကျွေးတဲ့အလုပ်ကို လုပ်တတ်ပြီး သူ့စိတ်တွေ မွန်းကျပ်လာတဲ့အခါ ဖြေလျှော့နည်းတစ်မျိုးပါပဲလို့ ပြောကြားခဲ့ပါတယ်။

“ကျွန်တော် နယ်ရှိုးတွေဘာတွေကနေ ပြန်လာပြီးတော့ အနု ပညာကြေးတွေ ရလာပြီ ဆိုလို့ရှိရင် ဘုရားမှာ ဦးဦးဖျားဖျား စံပယ်ပန်းကပ်၊ ဘုရားရှိခိုး၊ ပြီးရင် ငါးစာကျွေး၊ ငါးလွှတ်၊ ငှက်စာကျွေး၊ငှက်လွှတ်ပေါ့။ အဲဒီလိုလေးလုပ်တယ်။ ပြီးတော့ ကိုယ့်ဘာသာကိုယ် အိမ်မှာဆိုလည်း ဘုရားသောက်တော်ရေ ကပ်တာတို့ ဘုရားပန်းလဲတာတို့ လုပ်ဖြစ်ပါတယ်” လို့ ရွှေထူးက ပြောကြားခဲ့ပါတယ်။ 

အောင်မြင်တဲ့ အနုပညာရှင် တစ်ယောက်ဖြစ်ဖို့ ဆိုရင် မိမိရဲ့ ကြိုးစားအားထုတ်မှု ကလည်း အရေး ပါသလို ကံ၊ ဉာဏ်၊ ဝီရိယ ၃ချက်လုံး အားကောင်း ဖို့လည်း လိုပါ တယ်။ ဗုဒ္ဓဘာသာဝင် တစ်ယောက် ဖြစ်တဲ့ရွှေထူးက ကောင်းတာ လုပ်ရင်ကောင်းတာ ဖြစ်မယ်၊မကောင်းတာလုပ်ရင် မကောင်းတာ ဖြစ်မယ် ဆိုတဲ့ ကံကံ၏ အကျိုးကို အကြွင်းမဲ့ ယုံကြည်ပါတယ်တဲ့။

“ကျွန်တော်ကတော့ ယုံကြည်ပါတယ်။ ဘုရား၊ တရားလုပ်တာ အဓိကက စိတ်အေးချမ်းတယ်။ ကျွန်တော်တို့ အနုပညာ သမားတွေက ကိုယ့်ကို မုန်းတဲ့လူလည်း ရှိတယ်။ ချစ်တဲ့လူ လည်းရှိတယ်။ ဘုရား၊ တရား လုပ်ခြင်းအားဖြင့် မုန်းတဲ့လူလည်း ကိုယ့်ကို ချစ်လာမှာပေါ့နော်။ ချစ်တဲ့လူလည်း ပိုပြီး ချစ်လာမှာပေါ့။ မြတ်စွာဘုရားရဲ့ ဂုဏ်ကျေးဇူးတွေက တအားကို ကြီးကျယ် မြင့်မြတ်လွန်းတာကိုး။ ကျွန်တော်က ဘုရား၊ တရားလုပ်ရတာ ဝါသနာလည်းပါ တယ်။ အဓိကကတော့ ကျွန်တော်က ဒေါသ တအားကြီးတယ်။ အဲဒီအတွက် ကျွန်တော် ဘုရား၊တရားလုပ် တဲ့အခါ စိတ်အေးချမ်းတယ်။ ဒေါသလည်း တော်တော် လျှော့နိုင်တယ်ပေါ့” လို့ ရွှေထူးကဖြေကြားခဲ့ပါတယ်။

ဘယ်အချိန်တွေမှာ ဘုရားရှိခိုးဖြစ်လဲမေးတဲ့အခါ ရွှေထူးမှ “ပုံမှန်ကြီးတော့ သေသေချာချာမရှိပေမယ့် ကျိန်းသေတာကတော့ ကျွန်တော် သရဏဂုံသုံးပါးရွတ်ပြီးမှ ညအိပ်ရာဝင်ပါတယ်။ ဘာဖြစ် လို့လဲ ဆိုတော့ ကျွန်တော်တို့က ခရီး ခဏခဏ ထွက်နေရ ပြီးအိမ်မှာရှိတဲ့ရက်က နည်းတာကိုး။ ခရီးသွားလို့ရှိရင်လည်း ဘုရား စာ အမြဲရွတ်ဖြစ်ပါတယ်” လို့ ပြန်လည်ဖြေကြားပေးခဲ့ပါတယ်။

Source : local media

Alexa

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။