မန္တလေးမြို့အတွင်းမှာတော့ အရပ်ဝတ်တွေနဲ့ပါ ဖြိုခွဲဖမ်းဆီးတာတွေ ရှိနေပေမယ့်လည်း သပိတ်စစ်ကြောင်းတွေကတော့ နေ့တိုင်းထွက်ရှိနေဆဲပဲ ဖြစ်ပါတယ်။
ယနေ့ မတ်လ ၁၄ ရက်နေ့မနက်ပိုင်းမှာဆိုရင်လည်း မန္တလေးမြို့အတွင်းမှာ မဟာမိတ်တပ်ပေါင်းစု သပိတ်စစ်ကြောင်း လှည့်လည် ဆန္ဒဖော်ထုတ်ခဲ့ပါတယ်။
ဒီသပိတ်စစ်ကြောင်းထဲမှာတော့ ဘုရားကြီးစစ်ကြောင်း ၊ ဖိလေကြွလေ စိန်းပန်းမြေ ၊ သမဝါယမ တက္ကသိုလ်ကျောင်းသားများသပိတ်၊ ခွပ်တဲ့ဒေါင်း G-Z စစ်ကြောင်း၊ ပညာရေးမိသားစု ၊ ဒေါင်းစစ်သည် သပိတ်စစ်ကြောင်း နဲ့ အခြားသော ပူးပေါင်းသပိတ်စစ်ကြောင်းတွေပါဝင်ပါတယ်။
ဒီမဟာမိတ်စစ်ကြောင်းဟာ လမ်းကြားတွေထဲကနေ ၆၆ လမ်းမပေါ်ထိတက်ကာ ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
ဒလန်တွေပေါသလို ၊ ရက်ရက်စက်စက်လဲ ဖြိုခွင်းခံရပေမယ့် အာဏာရှင်ကို အမြစ်ပြတ်ချေမုန်းဖို့အတွက် လူဦးရေ ရာနဲ့ချီတဲ့ ဒီသပိတ်စစ်ကြောင်းကတော့ "ဖိရင်ကြွမယ် ထိရင်ချမယ် ၊ တိုက်ပွဲရှိရင် အောင်ပွဲရှိမယ် ၊ အောင်ပွဲဆိုတာ တိုက်ရဲသူတွေအတွက် ဖြစ်တယ် " ဆိုတဲ့ ကြွေးကျော်သံတွေနဲ့အတူ လမ်းမတွေပေါ်ထွက်လာခဲ့တာပဲ ဖြစ်ပါတယ်။
ဒီစစ်ကြောင်း လှည့်လည်ရာ လမ်းတစ်လျှောက်က ပြည်သူတွေကလည်း လက်ခုပ်လက်ဝါးတီးကာ ထောက်ခံအားပေးခဲ့သလို အောင်မြင်စွာလည်း လူစုခွဲနိုင်ခဲ့တယ်လို့ သိရပါတယ်။