ပြည်သူတွေကတော့ ဒီကာလမှာ တစ်ယောက်ကိုတစ်ယောက် ရိုင်းပင်းကူညီပြီး အရင်ကထက် ပိုမိုစည်းလုံးညီညွတ်စွာ နေထိုင်နေကြတာပဲ ဖြစ်ပါတယ် ။ စေတနာသဒ္ဓါတရား ထက်သန်ကြတဲ့ ပြည်သူတွေကလည်း အကူအညီလိုအပ်နေတဲ့သူကို တွေ့တာနဲ့ တတ်နိုင်သလောက် ဖေးမပေးတတ်တာ ဖြစ်ပါတယ် ။ အခုလည်း စေတနာရှင်တစ်ဦးက ချို့တဲ့လွန်းလို့ ဖြစ်သလိုပဲ နေထိုင်စားသောက်နေရရှာတဲ့ အဘိုးအဘွားတွေရဲ့အကြောင်းကို ပြောပြထားတာ ဖြစ်ပါတယ်။
စာထဲမှာတော့ သူမက အဘိုးအဘွားတွေအတွက် ဆန်တွေ၊ အာလူး၊ကြက်သွန်တွေနဲ့ အလှူငွေတွေယူပြီး သွားလှူခဲ့ပေမယ့်လည်း မလောက်တာကြောင့် ငွေပါထပ်ထုတ်ခဲ့ရတယ်လို့ ဆိုပါတယ်။ အဘိုးအဘွား စုစုပေါင်း (၄၄)ယောက်ရှိတဲ့ အဲ့ဒီနေရာမှာ ကျန်းမာရေးမကောင်းသူ (၁၂)ယောက်တောင်ရှိကြောင်း သူမက ပြောပြထားပါသေးတယ်။ ဒါ့အပြင် အဘိုးအဘွားတွေရဲ့နေအိမ်တစ်ချို့ကလည်း အမိုးအကာတွေတောင် မရှိတော့တာကြောင့် မိုးရာသီရောက်ရင် အဆင်မပြေဖြစ်နိုင်ကြောင်း စာထဲမှာရေးသားဖော်ပြထားတာ တွေ့ရပါတယ်။
အိမ်ကြိုအိမ်ကြားမှာနေရတဲ့ အဘိုးအဘွားတွေခမျာ အစားအသောက်ချို့တဲ့လွန်းလို့ ဆန်ဝေတာလေးတွေနဲ့ စားနေရရှာတာ ဖြစ်ပါတယ် ။ ဒါကြောင့် စေတနာရှင်အမျိုးသမီးက အဘိုးအဘွားတွေကိုယ်စား အလှူခံပေးထားတာဖြစ်ပြီး အလှူငွေအပြင် ဆန်၊ဆီ၊ဆား အစားအသောက်တွေနဲ့ အဝတ်အစားတွေပါ လှူဒါန်းနိုင်ကြောင်း ပြောပြထားတာပဲ ဖြစ်ပါတယ် ။ ကိုယ်တိုင်သွားလှူချင်တဲ့ သူတွေအတွက်လည်း လိပ်စာကို လမ်းညွှန်ပေးထားပါသေးတယ်။ ပြည်သူတွေလည်း ဒုက္ခရောက်နေတဲ့ အဘိုးအဘွားတွေကို ဖေးမကူညီပေးကြပါဦးလို့ မေတ္တာရပ်ခံလိုက်ပါရစေ။
Source & Photo Credit-Phyu Yati KoKo's FB Acc