ဒီကနေ့ ဧပြီလ ၂၄ ရက်နေ့ မှာတော့ မန္တလေးမှာ သံဃာတော်တွေ ဆန္ဒထုတ်ဖော်နေတဲ့ ပုံရိပ်တွေဟာ twitter ပေါ်ထိပျံ့နှံ့လာတာကို တွေ့ရပါတယ်။
ပျံ့နှံ့လာတဲ့ ပုံတွေအရတော့ သံဃာတော်တွေများစွာ ပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ သာသနာ့အလံကိုလွှင့်ထူကာ ငြိမ်ချမ်းစွာဆန္ဒပြနေကြပါသည် ဆိုတဲ့ စာတန်းကိုကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ ကြတယ်လို့ သိရပါတယ်။
နောက်ထပ်အနေနဲ့ကတော့ တက္ကသိုလ်ကျောင်းသားတွေများစွာ ပါဝင်တဲ့ သပိတ်စစ်ကြောင်းကလည်း မန္တလေးမြို့အတွင်းမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါသေးတယ်။
ဒါ့အပြင် ဒီကနေ့မှာရန်ကုန်တိုင်းအတွင်းက မြို့နယ်တော်တော်များများမှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ရှိသလို မြန်မာနိုင်ငံအတွင်းက မြို့တော်တော်များများမှာလည်း ဆန္ဒထုတ်ဖော်မှုတွေ ရှိနေတာကို တွေ့ရပါတယ်။
နောက်ထပ်အနေနဲ့ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့က ပြည်သူတွေဟာ မြန်မာနိုင်ငံသူ နိုင်ငံသားတွေဘက်က ရပ်တည်ပြီး ဒီကနေ့မှာ ဆန္ဒထုတ်ဖော်ပေးခဲ့တဲ့ သတင်းကလည်း twitter ပေါ်ပျံ့နှံ့နေတာကို တွေ့ရပါတယ်။
ဒီဖြစ်ရပ်နဲ့ပတ်သတ်ပြီး မြန်မာနိုင်ငံသူ နိုင်ငံသားတွေဟာ မိမိတို့နဲ့ တစ်သားတည်းရပ်တည်ပေးတဲ့ အင်ဒိုနီးရှားနိုင်ငံသားတွေအပေါ် ကျေးဇူးတင်ကြောင်း ပြောကြားနေကြတာကိုလည်း တွေ့ရပါတယ်။