အလှအပဆိုတာ အရေပြားတစ်ထောက်စာဆိုပါသတဲ့...။ ဒါပေမယ့် ကျွန်ုပ်တို့ ခန္ဓာကိုယ်မှာ အရေပြားရဲ့ကဏ္ဍကတော့ တစ်ထောက်စာထက် အများကြီးပိုပါတယ်...။ အရေပြားက ကျွန်ုပ်တို့ခန္ဓာကိုယ်ရဲ့ ခုခံအားစနစ်မှာ ပထမဆုံး အဆင့်အဟန့်အတားတစ်ခုပဲဖြစ်ပါတယ်...။ ဗိုင်းရပ်စ်တွေ၊ ဘတ်တီးရီးယားတွေ စတဲ့ရောဂါပိုးမွှားတွေ ခန္ဓာကိုယ်တွင်း အလွယ်တကူဝင်လာလို့မရအောင် တားဆီးပေးထားတဲ့ အရံအတားတွေပေါ့နော်...။ ဒါတွေအပြင် နေဒဏ်၊ အေးတာ၊ ပူတာ၊ ကုတ်ခြစ်မိတာ၊ ထိမိခိုက်မိတာတွေကိုလည်း ကာကွယ်ပေးထားပါသေးတယ်...။ ပြီးတော့ ဒီအရေပြားကို ထိတွေ့သမျှ အာရုံခံစားတုံ့ပြန်တာကလည်း ကျွနု်ပ်တို့ နေ့စဉ်အလုပ်တွေအတွက် အလွန်အရေးပါတယ်လို့ ပြောရမှာဖြစ်ပါတယ်...။

Photo Credit pngtree

ဒါကြောင့် ခန္ဓာကိုယ်ရဲ့ တခြားအင်္ဂါ အစိတ်ပိုင်းတွေလိုပဲ အရေပြားမှာကျန်းမာတာ၊ မကျန်းမာတာတွေ ရှိပါတယ်...။ အရေပြားကလည်း လိုအပ်တဲ့အာဟာရဓာတ်တွေ ကောင်းကောင်းမရရှိလို့ အာဟာရချို့တဲ့တာတွေ ရှိပါတယ်...။ အသက်အရွယ်အရပဲ ဖြစ်ဖြစ်၊ ကိုယ်နေထိုင်ပြုမူပုံတွေ မှားယွင်းလို့ပဲ ဖြစ်ဖြစ် အရေပြားကိုထိခိုက်စေပါတယ်...။ အသက်ရလာတာနဲ့အမျှ ကျွန်ုပ်တို့ရဲ့အရေပြားဟာ ပိုပါးလာပြီး ပိုလည်းခြောက်သွေ့လာပါတယ်...။ အရေးအကြောင်းတွေ၊ အစက်အပြောက်တွေ၊ ချွေးပေါက်တွေ၊ မျက်ကွင်းညိုတာတွေ ကိုလည်းမလွဲမသွေ ကြုံတွေ့လာရမှာဖြစ်ပါတယ်...။ အသက်အရွယ်ကို ထိန်းချုပ်လို့ မရပေမယ့် အရေပြားကို အိုမင်းရင့်ရော်စေတဲ့အရာတွေကိုတော့ ထိန်းချုပ်လို့ရပါတယ်နော်...။ ဥပမာ - နေလောင်ဒဏ်၊ ဟော်မုန်းအပြောင်းအလဲ၊ အစားသောက်အနေထိုင်၊ စိတ်ဖိစီးမှုတွေပဲဖြစ်ပါတယ်...။

Photo Credit For Your Health For Your Beauty facebook page

တခြားအစိတ်ပိုင်းတွေနဲ့ မတူတာကတော့ ကျွန်ုပ်တို့တွေအနေနဲ့က အရေပြားကို ဆေးဝါးတွေ၊ "moisturizers" အစိုဓာတ်တွေနဲ့ အရေပြားခရင်မ်တွေ လိမ်းပေးလို့ရပါတယ်...။ ဒီလိုလိမ်းလို့ရနေတဲ့အတွက် အသားအရေ မကျန်းမာမစိုပြေတော့မှာ၊ မျက်နှာလေးမလှပတော့မှာစိုးရိမ်နေဖို့ မလိုတော့ဖူးပေါ့နော်...။ ကျန်းမာစိုပြေတဲ့အသားရေအတွက်ဆိုရင် ရေဓာတ်အမြဲပြည့်ဝနေဖို့လိုအပ်ပါတယ်...။ ရေအပြည့်ရှိတဲ့ ပူစီဖောင်းလေးတွေက တင်းရင်းနေသလို ကိုယ်တွင်းကဆဲလ်လေးတွေ ရေဓာတ်ပြည့်ဝနေမှ အသားရေဟာ ကြည်လင်တင်းရင်းနေမှာဖြစ်ပါတယ်...။ ဒါ့အပြင် ဆဲလ်တွေရဲ့အလုပ်တွေကိုလည်း ကောင်းမွန်စွာလုပ်ကိုင်နိုင်ပါလိမ့်မယ်...။ ဒေါက်တာစိမ့်စမ်းဖြူရေးသားထားတဲ့ "အသားအရေအတွက်အစိုဓာတ်" ကျန်းမာရေးဆောင်းပါးမှ ခန္ဓာကိုယ်မှာ အရေပြားရဲ့ ကဏ္ဍကအလွန်အရေးပါပုံ၊ အရေပြားကို အိုမင်းရင့်ရော်မှုအတွက် ထိန်းချုပ်လို့ရပုံနှင့် ရေဓာတ်အမြဲပြည့်ဝနေဖို့ လိုအပ်ကြောင်းကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

Photo Credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။