ကိုယ်ဝန်ရှိလာတဲ့အခါ ရေမြွှာအကြောင်းကိုလည်းနားလည်ထားဖို့လိုပါတယ်...။ ရေမြွှာပေါက်ပြီ၊ ရေမြွှာရည်နည်းနေတယ်၊ ရေမြွှာများနေတယ် စသဖြင့် ကြားဖူးနားဝရှိကြပါလိမ့်မယ်...။ ရေမြွှာဆိုတာဘာလဲ၊ ကိုယ့်ဗိုက်ထဲက ကလေးနဲ့ ကိုယ့်အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာသိချင်လာကြမယ်လို့လည်းထင်ပါတယ်....။ ရေမြွှာတွေနဲ့ ပတ်သက်ပြီး "ဘယ်ကလာတယ်၊ ဘယ်လောက်ထိရှိတယ်၊ ဘယ်လိုမျိုးရှိတယ်၊ ဘာတွေလုပ်ပေးတယ်"...ဆိုတာ ဖော်ပြပေးပြီးတဲ့နောက်မှာ ရေမြွှာရည်ရဲ့ ပြဿနာတွေဖြစ်တဲ့ နည်းတာနဲ့၊ များတာအကြောင်းကို တင်ဆက်ပေးမှာဖြစ်ပါတယ်...။

photo credit pngtree

(၁) ရေမြွှာရည်နည်းတာ (Oligohydramnios) ရေမြွှာရည်အရမ်းနည်းတာကို(Oligohydramnios)လို့ခေါ်ပါတယ်...။ ၃၀၀ မီလီလီတာအောက်လျော့နည်းရင် ရေမြွှာရည် နည်းတယ်လို့ သတ်မှတ်ပါတယ်...။ ဘာကြောင့်ရေမြွှာရည်နည်းရတာလဲ ဆိုတာကတော့ ကျောက်ကပ်မကောင်းတာ၊ ကျောက်ကပ်မှာရေအိတ်တွေတည်တာ၊ သန္ဓေသားကြီးထွားဖွံ့ဖြိုးမှုနှောင့်နှေးတာနဲ့ အချင်းကောင်းကောင်းမဖွံ့ဖြိုးတာ၊ မိခင်မှာဗိုင်းရပ်စ်ရောဂါတစ်ခုခုဖြစ်နေတာ၊ အကိုက်ခဲပျောက်ဆေးလိုဆေးတွေသောက်နေတာ၊ မွေးရက်ကျော်နေတာ၊ ကိုယ်ဝန်ဆိပ်တက်နေတာ၊ ဗိုက်မနာခင်မှာရေမြွှအမြှေးပေါက်တာ...စတာတွေကြောင့်ပဲဖြစ်ပါတယ်...။ ရေမြွှာရည်နည်းရင် ဘာတွေဖြစ်နိုင်သလဲ ဆိုတာကတော့ သန္ဓေသားအနေအထားပုံမမှန်တာ...၊ လမစေ့ဘဲကလေးစောမွေးတာ...၊ အဆုတ်နဲ့ လေပြွန် လမ်းကြောင်း ကောင်းကောင်းမဖွံ့ဖြိုးတာ...၊ ခြေလက်အင်္ဂါ ချို့ယွင်းတာတွေ ဖြစ်လာပါလိမ့်မယ်...။ ရေမြွှာရေနည်းတာ အကြောင်းရင်းကိုသိနေတဲ့အတွက် ကုလို့ရပါတယ်...။ ကိုယ်ဝန်ဆိပ်တက်နေတာကြောင့်ဆို ဒါကိုကုသမှုခံယူရင် ရေမြွှာနည်းတာလည်း ပြန်ကောင်းသွားပါတယ်...။ ဒါ့အပြင် မွေးနေတုန်းမှာ ရေမြွှာရည်သွင်းပေးလို့လည်း ရပါသေးတယ်...။

photo credit pngtree

(၂) ရေမြွှာရည်များတာ (Polyhydramnios) ရေမြွှာရည်အရမ်းများတာကို (Polyhydramnios) လို့ခေါ်ပါတယ်...။ ၂၀၀၀ မီလီလီတာထက်များနေရင် ရေမြွှာရည် များတယ်လို့ သတ်မှတ်ပါတယ်...။ရေမြွှာရည်များနေတာကိုမှ အမျိုးအစားထပ်ခွဲထားပါသေးတယ်...။ ကိုယ်ဝန် (၂၄) ပတ်အောက်ဆိုရင် Acute လို့သတ်မှတ်ပြီး(၂၄) ပတ်ကျော်မှ ဖြစ်ရင် Chronic လို့သတ်မှတ်ပါတယ်...။ (၂၄) ပတ်အောက်မှာဖြစ်တဲ့ Acute Type ကတော့ ဗိုက်အရမ်းဖောင်းနေပြီးနေရတာ မသက်သာတာ၊ အသက်ရှူမဝတာမျိုးဖြစ်တတ်ပါတယ်...။ Chronic Type ကတော့ ဆီးချိုဖြစ်နေတဲ့ ကိုယ်ဝန်ဆောင်တွေမှာ ဖြစ်လေ့ရှိပါတယ်...။ ဘာတွေက ရေမြွှာရေများစေတာလဲဆိုတာကတော့ မိခင်မှာဆီးချိုရောဂါရှိနေတာ၊အချင်းမှာအလုံးအကျိတ်ဖြစ်နေတာ၊ သွေးလွှတ်ကြောနဲ့ သွေးပြန်ကြော နှစ်ခုကြားမှာပုံမမှန်တဲ့လမ်းကြောင်းပေါ်နေတာ အမြွှာကိုယ်ဝန်ရှိနေတာ၊ အမြွှာတွေမှာသွေးလုံလောက်စွာမရတာကြောင့်ဖြစ်တဲ့ "Twin-to-twin transfusion syndrome"၊ သန္ဓေသားရဲ့လေပြွန်နဲ့ အစာပြွန်ကြားမှာလမ်းကြောင်းပေါ်လာတာ...၊ HydropFetalis ဆိုတဲ့ သန္ဓေသားရဲ့ကိုယ်တွင်းခေါင်းအခန်းတွေမှာအရည်တွေစုနေတဲ့ရောဂါ...၊ သန္ဓေသားမှာအာရုံကြောနဲ့ ကြွက်သားရောဂါရှိနေတာ၊ သန္ဓေသားရဲ့ကျောရိုးနဲ့ အာရုံကြောမကြီးကောင်းမွန်စွာ မပိတ်ဘဲလမ်းကြောင်းပွင့်နေတာ...၊ သနေသားခေါင်းသေးနေတာတွေကြောင့်ပဲ ဖြစ်ပါတယ်...။ ဒါပေမယ့် များသာအားဖြင့်ကတော့ အကြောင်းရင်းရှာမရတာများပါတယ်...။ ဘာကြောင့်ရေမြွှာရည်များ နေရလဲဆိုတာကို အကြောင်းရင်းစစ်ထုတ်လို့မရကြပါဘူး...။ ရေမြွှာရည်များရင် ဘာတွေဖြစ်နိုင်သလဲ ဆိုတာကတော့ နေ့လမစေ့ဘဲမွေးတာ (၂၄ ပတ်နဲ့ ၃၇ ပတ်ကြား)၊ အချိန်မတန်ဘဲရေမြွှာပေါက်တာ(၂၄ ပတ်နဲ့ ၃၇ ပတ်ကြား)၊ ကလေးအနေအထားပုံမှန်မဖြစ်တာ၊ အချင်းကွာတာ၊ မွေးပြီးသွေးသွန်တာဆိုတဲ့စိုးရိမ်စရာတွေ ဖြစ်လာနိုင်ပါတယ်။ ရေမြွှာများတာကိုဘယ်လိုကုသမလဲဆိုတာကတော့ ဘာကြောင့်ဖြစ်ရတယ်ဆိုတဲ့အကြောင်းရင်းကိုအရင်ရှာရမှာပါ...။ သန္ဓေသားနဲ့ အချင်းမှာပုံမမှန် တာတစ်ခုခုများရှိနေလားဆိုတာသိရအောင် အာထရာစောင်းရိုက်ရပါတယ်...။ ဒါမှမဟုတ် အမေမှာများ ဆီးချိုသွေးချိုဖြစ်နေလို့လားဆိုတာသိအောင် စစ်ကြည့်ရပါမယ်။ "HydropFetalis" ရှိနေလားသိရအောင် သွေးအုပ်စုစစ်တာ ခရိုမိုဇုန်းခေါ် မျိုးဗီဇပဋိပစ္စည်းတွေမှာပုံမမှန်တာတစ်ခုခုရှိ၊ မရှိစစ်ဆေးတာ၊ Infection (TORCH) ခေါ် ရောဂါပိုးတွေများဝင်နေလားဆိုတာစစ်ကြည့်ရမှာဖြစ်ပါတယ်...။ ပြီးရင်တော့ ခံစားနေရတဲ့လက္ခဏာတွေ သက်သာအောင် ကုသမှုပေးရမှာဖြစ်ပါတယ်...။ ရေမြွှာရည်လျော့ချတာမျိုး၊ စောမွေးမှာစိုးလို့ သားအိမ်ညှစ်အားနည်းအောင် ဆေးပေးတာမျိုးတွေ လုပ်ပေးလေ့ရှိပါတယ်...။ ပြီးမှ ဖြစ်ရတဲ့ အကြောင်းရင်းကိုကုတာပါ...။ မိခင်မှာဆီးချိုရှိနေရင် ဆီးချိုထိန်းပေးပေမယ့် ခရိုမိုဇုန်းခေါ် မျိုးဗီဇပဋိပစ္စည်းတွေမှာပုံမမှန်တာဖြစ်နေရင်တော့ ကလေးလည်း အသက်ရှင်နိုင်မှာမဟုတ်တဲ့အတွက် ကိုယ်ဝန်ကိုဖျတ်ချရပါတယ်...။ ဘာကြောင့်ဖြစ်မှန်းလည်းမသိဘူး၊ သိပ်လည်းမဆိုးဘူးဆိုရင်တော့ ဘယ်အချိန်မွေးမယ်၊ ဘယ်လိုမွေးမယ်ဆိုတာ ဆုံးဖြတ်ပြီး ရေမြွှာရည်ဖောက်ထုတ်ပြီးမွေးလို့ရပါတယ်...။ ဒါပေမယ့် မွေးပြီးသွေးမသွန်အောင်တော့ ဂရုတစိုက်လုပ်ဖို့လိုပါတယ်...။ တကယ်လို့ လမစေ့ဘဲ ကလေးစောမွေးနိုင်ခြေရှိရင်ဖြစ်ဖြစ်၊ အာထရာဆောင်းအရသားအိမ်ခေါင်းအလျားက ၂၅ မီလီမီတာအောက်ရှိနေရင်ဖြစ်ဖြစ် Cervical cerclageခေါ် သားအိမ်ခေါင်းမှာ ချုပ်ရိုးထည့်ပြီးစိတ်ချရတဲ့အနေထားမှ ပြန်ထုတ်တာမျိုးလုပ်လို့ရပါတယ်...။ ဒါကလည်း ၁၂ ပတ်ကနေ ၁၄ ပတ်အတွင်းမှာပဲလုပ်လေ့ရှိတာပါ...။ စောမွေးတော့မယ်ဆိုရင် ကလေးအဆုတ်အားကောင်းအောင် Dexamethasone ထိုးဆေးကို ကြိုထိုးပေးထားလေ့ရှိပါတယ်...။ ဒေါက်တာစိမ့်စမ်းဖြူ ရေးသားထားတဲ့ "မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း (၂)" ကျန်းမာရေးဆောင်ပါးမှ ရေမြွှာရည်နည်းတာ၊ များတာနဲ့ပတ်သက်ပြီး ပြန်လည်ကူးယူ မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။