ဓားကိုင်ရမ်းကားသူ တရားခံပြေးအား ဖမ်းဆီးရမိ

၅.၁၀.၂၀၁၆ ရက်နေ့ ၁၅၃၀ အချိန်ခန့် လှိုင်သာယာမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ကျန်စစ်သားလမ်းရှိ လက်ဘက်ရည်ဆိုင်တွင် အမျိုးသားတစ်ဦး ဓားကိုင်ရမ်းကားနေကြောင်းသတင်းအရ လှိုင်သာယာမြို့မ ရဲစခန်းမှ တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့မှ သွားရောက်ထိန်းသိမ်းရာအဆိုပါ လက်ဘက်ရည်ဆိုင်တွင် လှိုင်သာယာမြို့နယ်၊ (၁၅)ရပ်ကွက်နေဇေယျာမျိုး(ခ)ဘုကြီး (၃၁)နှစ်မှာ ဓားကိုင်ဆောင်ရမ်းကားနေသည်ကိုတွေ့ရှိရသဖြင့် ရဲတပ်ဖွဲ့ဝင်များမှ အသာတကြည်အဖမ်းခံရန် ပြောဆိုသော်လည်းနာခံမှုမရှိဘဲ ခုခံပြီးထွက်ပြေးသဖြင့် လုံးထွေးဖမ်းဆီးခဲ့ပြီး ၎င်းထံမှ အရိုးအသွား (၁၇)လက်မခန့်ရှိ နှစ်ဖက်သွားဓား(၁)ချောင်းနှင့် အရိုးအသွား ၈လက်မခွဲရှိ ဓားဦးချွန်(၁)ချောင်းတို့အား သိမ်းဆည်းနိုင်ခဲ့ပါသည်။ယင်းသို့ လက်ရဖမ်းဆီးရမိရေး ဆောင်ရွက်စဉ် ဇေယျာမျိုး(ခ)ဘုကြီးမှာ၎င်းကိုင်ဆောင်သောဓားဖြင့် ၎င်း၏ ယာဘက်လက်မောင်းအား ထိခိုက်မိခဲ့၍ ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိခဲ့သဖြင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ကာဆေးကုသပေးခဲ့ပါသည်။

၎င်းသည် လှိုင်သာယာမြို့နယ်တရားရုံးမှ ၁ နှစ်အတွင်းကောင်းမွန်စွာနေထိုင်ရန် ခံဝန်ချုပ်ဖြင့် အမိန့်ချမှတ်ခြင်းခံရသူဖြစ်သည့်အပြင်လှိုင်သာယာမြို့မရဲစခန်း (ပ)၇၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၃/ ၃၂၄/ကျင့် ၅၁၂ အမှုမှ တရားခံပြေးဖြစ်ကြောင်းသိရှိရပါသည်။၎င်းအား ၁၉၆၁ ခုနှစ်၊ ပြစ်မှုကျူးလွန်တတ်သူများ ခြေချုပ်နှင့်ခံဝန်အက်ဥပဒေပုဒ်မ-၃၀(၁)(က) ဖြင့်လည်းကောင်း၊ (ပ)၇၂/၂၀၁၆၊ ရာဇသတ်ကြီးပုဒ်မ ၃၂၃/၃၂၄ အမှုဖြင့်လည်းကောင်း၊ လှိုင်သာယာမြို့မရဲစခန်း (ပ)၂၁၃၂/၂၀၁၆၊ လက်နက်အက်ဥပဒေပုဒ်မ ၁၉(င)ဖြင့်လည်းကောင်းဆက်လက် အရေးယူဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။

Credit - Yangon Police

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။