၂၀၁၆ ခုနှစ် ဆူဇူကီးဖလား ဆီမီးဖိုင်နယ် ဒုတိယ အကျော့ ပွဲစဉ်အဖြစ် မနက်ဖြန် ဒီဇင်ဘာ ၈ ရက်နေ့၊ မြန်မာစံတော်ချိန် ညနေ (၆း၃၀)နာရီ၊ ရာဇမင်္ဂလာ ကွင်းတွင် ကျင်းပမည့် ထိုင်းနှင့် မြန်မာ ပွဲစဉ်အတွက် သတင်းစာ ရှင်းလင်းပွဲကို ယနေ့ မွန်းလွဲ (၂းဝဝ)နာရီက ဘန်ကောက်ရှိ Emerald Bangkok Hotel ဟိုတယ်တွင် ကျင်းပပြုလုပ်ခဲ့သည်။ သတင်းစာ ရှင်းလင်းပွဲသို့ ထိုင်းနည်းပြ ကိုင်တီဆက်၊ မြန်မာနည်းပြ ဂတ်ဆီဇီတို့ တက်ရောက်ဖြေကြားခဲ့သည်။

"ဇစ်ကို (ကိုင်တီဆက်)ကို ဂုဏ်ပြုပါတယ်။ ထိုင်းအသင်းက လက်ရှိအချိန်မှာ ဗိုလ်လုပွဲကို ၅၀ ရာခိုင်နှုန်း ရောက်ရှိနေပါပြီ။ အာဆီယံမှာ အကောင်းဆုံး အသင်းလို့ပြောလို့ရပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ မြန်မာအသင်း အနေနဲ့ကလည်း နောက်ဆုံး မိနစ်အထိ အခွင့်အရေး ရှိနေပါသေးတယ်။ ရတဲ့ အခွင့်အရေးအတိုင်း ကျွန်တော်တို့ အကောင်းဆုံးကြိုးစား သွားမှာပါ။ ကျွန်တော်တို့ မြန်မာ ပရိသတ်တွေ လက်ခံနိုင်လောက်တဲ့ ခြေစွမ်းမျိုး ဖြစ်ဖို့ ဦးစားပေး ပြင်ဆင်ထားပါတယ်။ မြန်မာ ပရိသတ်တွေအတွက် မနက်ဖြန်ပွဲမှာ အစွမ်းကုန် ကြိုးစားကြဖို့ တစ်သင်းလုံး ဆုံးဖြတ်ပြီးသွားပါ။ တစ်ဦးချင်း အမှားနည်းနိုင်သမျှ နည်းအောင် ကြိုးစားကြဖို့ မှာကြားထားပါတယ်။ ပြီးခဲ့တဲ့ ပွဲမှာ တစ်ဦးချင်း အမှားကနေ ဂိုးပေးလိုက်ရတာ ဖြစ်လို့ မနက်ဖြန်ပွဲမှာ ဒီလိုမဖြစ်အောင် ကြိုးစားကြပါမယ်။" ဟု မြန်မာအသင်း နည်းပြ ဂတ်ဆီဇီက သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသည်။

" မြန်မာအသင်းနဲ့ ကစားမယ့်ပွဲမှာ ကစားသမား အချို့ အပြောင်းအလဲ ပြုလုပ်ကစားသွားဖို့ ရှိပါတယ်။ မြန်မာအသင်းက အသင်းကောင်း တစ်သင်းဖြစ်လို့ ဆီမီးဖိုင်နယ် အဆင့်ကို ရောက်လာတာပါ။ ဒါကြောင့် လျှော့မတွက်မိဖို့ လိုပါတယ်။ ကျွန်တော်တို့ ရလဒ်ကောင်း ရဖို့ ဆက်ပြီး ကြိုးစားနေရဦးမှာပါ။ ဘာမဆို ဖြစ်သွားနိုင်ပါတယ်။ " ဟု ကိုင်တီဆက်က ဆိုသည်။

ထိုင်းနှင့်မြန်မာ အသင်းတို့ ပထမ အကျော့တွင် (၀-၂) ဂိုးဖြင့် ထိုင်းအသင်းက အနိုင်ရထားခဲ့ပြီး မြန်မာအသင်း အနေဖြင့် ဗိုလ်လုပွဲ တက်နိုင်ရေး အတွက် အဝေးကွင်းတွင် အစွမ်းကုန် ကြိုးစားရမည် ဖြစ်သည်။

Ref., MFF

photo - MFF
photo - MFF
photo - MFF
photo - MFF

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။