မိဘတွေအနေနဲ့ သားသမီးတစ်ယောက်ကို ပြုစုပျိုးထောင်ဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုမဟုတ်ပါဘူး ။ အဲဒီထဲမှာမှ မိဘတစ်ယောက်တည်းကနေ သားသမီးတွေကို ပျိုးထောင်ပေးရတာက ပိုပြီးတော့ ခက်ခဲပါတယ်။ သားသမီးတွေကို တစ်ယောက်တည်း ခက်ခက်ခဲခဲ ပျိုးထောင်ပေးခဲ့ကြတဲ့ မိဘတွေ ကို ရရှိပိုင်ဆိုင်ခဲ့တဲ့ တောင်ကိုရီးယား ထိပ်တန်းနာမည်ကြီးတွေ အကြောင်းကို ဖော်ပြပေးသွားပါမယ်။
Ji Chang Wook

Ji Chang Wook လို့ပြောလိုက်တာနဲ့ အမေချစ်သားတစ်ယောက်ဖြစ်တယ်ဆိုတာကို စိတ်ထဲမှာ ကွက်ကွက်ကွင်းကွင်းသိကြမှာပါနော်။ Ji Chang Wookက မိခင်ကြီးကို အရမ်းချစ်တဲ့သားဖြစ်ပြီး သူ့ရဲ့ဘဝကလည်း များစွာ ခက်ခဲခဲ့တဲ့သူဖြစ်ပါတယ်။ Ji Chang Wook ကို မိခင်ကြီးက တစ်ယောက်တည်း ပြုစုပျိုးထောင်ပေးခဲ့တာဖြစ်ပြီး တစ်ယောက်တည်း ကျွေးမွေးစောင့်ရှောက်ခဲ့တာဖြစ်ပါတယ်။ မွေးမိခင်ကြီးရဲ့ကျေးဇူးကို ပြန်လည် ဆပ်ပေးတဲ့အနေနဲ့ Ji Chang Wook က မိခင်ကို အတူခေါ်နေပေးလေ့ရှိပြီး တစ်ယောက်တည်း ဘယ်တော့မှ မနေခဲ့ပါဘူး။
မိခင်ကြီးကို အဖော်ပြုပေးနေတဲ့ Ji Chang Wook က ဖခင်ကြီးကွယ်လွန်သွားခဲ့တာကြောင့် သူ့ရဲ့ မိခင်ကြီးအနေနဲ့ ခက်ခဲတဲ့ အချိန်တွေနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ၊ ဖခင်ကြီးကွယ်လွန်သွားတဲ့အချိန်မှာ သူတို့သားအမိနှစ်ယောက်ဟာ အခက်အခဲတွေ အများကြီးနဲ့ ရင်ဆိုင်ခဲ့ရကြောင်း ၊ ဒါ ကြောင့် သူအောင်မြင်လာတဲ့အချိန်မှာလည်း မိခင်ကြီးရဲ့ ကျေးဇူးကို ဘယ်တော့မှ မေ့မှာ မဟုတ်ကြောင်း ဖွင့်ဟပြောဆိုခဲ့ပါတယ်။
Park Bo Gum

တောင်ကိုရီးယားမင်းသား Park Bo Gum ဟာဆိုရင်လည်း ငယ်ရွယ်နေတဲ့အချိန်မှာကတည်းက မိခင်ကြီး ကွယ်လွန်သွားခဲ့တာကြောင့် ဖခင်ကြီးနဲ့အတူ နေခဲ့ရတဲ့သူဖြစ်ပါတယ်။ Park Bo Gum ရဲ့ ဘဝက အရမ်းကို သနားဖို့ကောင်းပြီး သူ့ဆီမှာ မိသားစု ဓာတ်ပုံဆိုတာလည်း ဘယ်တော့မှ မရှိခဲ့ပါဘူး။
Park Bo Gum ရဲ့ မိခင်ကြီးက Park Bo Gum ၄ တန်းကျောင်းသားအရွယ်တုန်းက ဆုံးပါးသွားခဲ့တာဖြစ်လို့ Park Bo Gum က ဖခင်ကြီးနဲ့အတူ မွေးချင်း ၂ ယောက်ကို စောင့်ရှောက်ပေးနေရတာဖြစ်ပါတယ်။ မိဘမစုံတဲ့ ဘဝကြီးမှာ ခက်ခက်ခဲခဲနဲ့ ရှင်သန်ခဲ့ရတဲ့ တောင်ကိုရီးယား ထိပ်တန်းမင်းသား Park Bo Gum ရဲ့ အကြောင်းကို ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။
Kim Soo Hyun

တောင်ကိုရီးယားမင်းသား Kim Soo Hyun ဟာဆိုရင်လည်း ခက်ခဲရှုပ်ထွေးတဲ့ဘဝကို ပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ Kim Soo Hyun ရဲ့ ဖခင်ကြီးက နာမည်ကြီး အဆိုတော် တစ်ယောက်ဖြစ်ပြီး Kim Soo Hyun အသက် ငယ်ငယ်လေးကတည်းက Kim Soo Hyun ကို ထားသွားခဲ့တာဖြစ်တယ်လို့သိရပါတယ်။ ခက်ခဲတဲ့ဘဝကို ရင်ဆိုင်ခဲ့ရတဲ့ Kim Soo Hyun မှာ ဖအေတူ မအေကွဲ ညီမလေးတစ်ယောက်ရှိတယ်ဆိုတဲ့ သတင်းကလည်း ပရိသတ်တွေကို များစွာ တုန်လှုပ်သွားစေခဲ့ပါတယ်။
Kim Dong Hee

Itaewon Class ရဲ့ သရုပ်ဆောင်ဖြစ်တဲ့ Kim Dong Hee ဟာဆိုရင်လည်း ကလေးဘဝတုန်းက ခက်ခဲတဲ့ ဘဝကို ရရှိပိုင်ဆိုင်ခဲ့တဲ့သူဖြစ်ပါတယ်။ Kim Dong Hee က သတ္တိရှိလွန်းလှတဲ့ မိခင်ကြီးရဲ့ ပြုစုပျိုးထောင်ခြင်းကို ရရှိခဲ့တဲ့သူဖြစ်ပြီး မအေတစ်ခု သားတစ်ခု ဘဝနဲ့ နေထိုင်ခဲ့ရတဲ့သူဖြစ်ပါတယ်။ Kim Dong Hee က သူ့ကိုပြုစုပျိုးထောင်ဖို့အတွက် သူ့အမေ ဘယ်လောက်ထိ ရုန်းကန်ခဲ့ရလဲဆိုတာကို ပြန်တွေးကြည့်ရင် သူ့ရဲ့ ရင်တွေတောင် ကွဲရတယ်လို့ ဆိုပါတယ်။
လက်ရှိမှာ လျှမ်းလျှမ်းတောက် အောင်မြင်နေပေမယ့် မိတကွဲ ဖတကွဲ ဘဝနဲ့ ရုန်းကန် လှုပ်ရှားခဲ့ရတဲ့ တောင်ကိုရီးယား မင်းသားတွေရဲ့ အကြောင်းကို ပရိသတ်ကြီး အတွက် ဝေမျှပေးလိုက်ပါတယ်။





