ထိုင်းနိုင်ငံမှာ ကြက်ဆီထမင်းရောင်းချတဲ့ဆိုင်တစ်ဆိုင်ဟာ ကြက်တွေကို ပဋိဇီဝဆေးတွေ မကျွေးတော့ပဲ ကျန်းမာသန်စွမ်းစေဖို့ ဆေးခြောက်တွေ အစားထိုး ကျွေးမွေးလာပြီး အဆိုပါ ကြက်တွေနဲ့ ချက်ပြုတ်ထားတဲ့ ကြက်ဆီထမင်း ရောင်းချနေပြီဖြစ်တယ်လို့သိရပါတယ် ။
ဆေးခြောက်ကျွေးပြီးမွေးမြူထားတဲ့ ကြက်တွေနဲ့ ချက်ပြုတ်ထားတဲ့ ကြက်ဆီထမင်းဟာ ထိုင်းနိုင်ငံသားတွေကြား နာမည်ကျော်ကြားနေရုံသာမက ကမ္ဘာအဝှမ်းမှာပါ နာမည်ကျော်ကြားရေပန်းစားနေပါတယ်။
အဆိုပါ ကြက်တွေကို ထိုင်းနိုင်ငံမြောက်ပိုင်း လမ်ပန်းဒေသရှိ မွေးမြူရေးလုပ်ငန်းတစ်ခုက ချင်းမိုင်တက္ကသိုလ်ရဲ့ စိုက်ပျိုးရေးဌာနနဲ့ ပူးပေါင်းကာ ဆေးခြောက်ကျွေးပြီး မွေးမြူထားတာဖြစ်ပြီး အဲ့သလိုမွေးမြူရာမှာ အသားနဲ့ ဥ အရည်အသွေးပိုမိုကောင်းမွန်တိုးတက်လာမှုရှိကြောင်း သိရပါတယ်။
ပဋိဇီဝဆေးကျွေးထားတဲ့ကြက်တွေဟာ ကြက်နာကျရောဂါဖြစ်တတ်ပေမယ့် ဆေးခြောက်ကျွေးကာမွေးမြူထားတဲ့ကြက်တွေကတော့ ရာသီဥတု ဒဏ် နှင့် ရောဂါဒဏ် ကို ပိုမိုခံနိုင်ရည်ရှိကြောင်းသိရပါတယ်။ နောက်ပိုင်းမှာလည်း အဆိုပါကြက်တွေနဲ့ ကြက်ကင်ရောင်းချသွားဖို့အစီအစဥ်ရှိတယ်လို့လည်းသိရပါတယ်။