တရုတ်သိပ္ပံပညာရှင်တွေဟာ လကြီးတစ်ခုလုံးရဲ့ အသေးစိတ်ကျတဲ့ မြေပုံတစ်ခုကိုရေးဆွဲခဲ့ပါတယ်။ဒီမြေပုံကိုရရှိဖို့အတွက် သိပ္ပံပညာရှင်ရာပေါင်းများစွာက ၁၀ နှစ်လောက်အတူတူအလုပ်တွဲလုပ်ခဲ့ရတာပါ။မြေပုံဟာ လကိုစူးစမ်းလေ့လာရေးအတွက် အသုံးဝင်လာမှာဖြစ်ပြီး လအကြောင်းလေ့လာချင်သူ မည်သူမဆိုအတွက်လည်း အထောက်အကူဖြစ်စေမှာသေချာပါတယ်။

အရင်တုန်းက လအတွက်မြေပုံဆိုရင် Resolution ၁း၅၀၀၀,၀၀၀ အချိုးရှိတဲ့ USGS မြေပုံပဲရှိပြီး အခုမြေပုံကတော့ Resolution ၁း၂,၅၀၀,၀၀၀ အချိုးရှိပါတယ်။အချက်အလက်တွေအားလုံးဟာ လပေါ်ကတွေ့ရှိမှုတွေကိုပဲ အခြေခံထားပြီး မီးတောင်ဝပေါင်း ၁၂၃၄၁ ခု၊ချိုင့်ဝှမ်းပေါင်း ၈၁ ခု၊ကျောက်အမျိုးအစားပေါင်း ၁၇ ခုနဲ့ ကျောက်ဖွဲ့စည်းပုံပေါင်း ၁၄ ခုပါဝင်ပါတယ်။မြေပုံကို Zoom ချဲ့ကြည့်လေလေ၊ပိုများများမြင်ရလေမလို့ ဘယ်လောက်ထိအသေးစိတ်ကျလဲဆိုတာ ပြောလို့တောင်မရပါဘူး။

ဒီလိုမြေပုံရေးဆွဲနိုင်ဖို့ တရုတ်သိပ္ပံပညာအကယ်ဒမီရဲ့ ပထဝီဝင်ဌာနဟာ ၂၀၀၄ ခုနှစ်ကတည်းက လလေ့လာရေးကို စတင်ဦးဆောင်ခဲ့ပြီး တခြားတရုတ်အဖွဲ့အစည်းပေါင်းများစွာကလည်း ပါဝင်အားဖြည့်ပေးခဲ့ကြကာ အဲ့ဒီအချိန်ကတည်းက လပတ်လမ်းထဲ ဂြိုလ်တုတွေလွှတ်တာတွေ၊မျက်နှာပြင်ပေါ်စူးစမ်းလေ့လာရေးယာဥ်လွှတ်တာတွေ၊Rover ယာဥ်တွေနဲ့ လေ့လာတာတွေ ဆက်တိုက်ပြုလုပ်ခဲ့တာဖြစ်ပါတယ်။

လေ့လာသူတွေဟာ ပထမဆုံးလကြီးတစ်ခုလုံးကို လေးထောင့်အကွက် ၃၀ ခုအဖြစ်ပိုင်းခြားလိုက်ပါတယ်။အဲ့နောက်တစ်ကွက်ချင်းစီထဲကို လိုအပ်တဲ့အချက်အလက်တွေပေါင်းထည့်ကာ အကုန်ပြန်ဆက်လိုက်ပြီး တစ်ခုတည်းအဖြစ်ပြန်ပေါင်းလိုက်တာပါ။ဒါပေမဲ့ တရုတ်ကရတဲ့ အချက်အလက်တွေကိုပဲ စုထည့်ထားတာမဟုတ်ပဲ လကိုလေ့လာနေတဲ့ တခြားနိုင်ငံတွေက အချက်အလက်တွေကိုလည်း အသုံးပြုထားပါသေးတယ်။၁၀ နှစ်လို့ပြောပေမဲ့ ဆယ်စုနှစ်တော်တော်များများက အချက်အလက်တွေကို စုစည်းပြီးမှသာ ဒီလိုမျိုးပြီးပြည့်စုံလုနီးပါး အသေးစိတ်ကျတဲ့မြေပုံတစ်ခုကိုရလာတာဖြစ်ပါတယ်။