ယခုကာလမှာ မြန်မာနိုင်ငံ၌ စီးပွားရေးလုပ်ငန်းအချို့အဆင်မပြေမှုများကြောင့် အချို့သော ပြည်ပလုပ်ငန်းရှင်များဟာ ရင်းနှီးမြှုပ်နှံမှုများ ရပ်တန့်ခဲ့ရပြီး ပြည်တွင်းလုပ်ငန်းရှင်အချို့မှာလည်း ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများကိုရပ်တန့်ခဲ့ရသည်အထိ အဆင်မပြေမှုများစွာဖြစ်လာကြပါတယ်။
စီးပွားရေးများအဆင်မပြေရခြင်း၏ အဓိကအကြောင်းအရင်းမှာ ငွေတန်ဖိုး ကျဆင်းပြီး ကုန်ဈေးနှုန်းတန်ဖိုးများမြင့်တက်လာရခြင်းကြောင့်ဖြစ်ပါတယ်။ဈေးဆိုင်ပိုင်ရှင်များမှာလည်း အခုလိုကာလထဲတွင် အတင်းကို အားတင်းရုန်းကန်နေကြရတာကို အားလုံးလည်း မျက်မြင်တွေ့နေကြရပါတယ်။
လူအရမ်းစည်ကားပြီး ဈေးဝယ်လို့ကောင်းတဲ့ ဈေးလို့ပြောရင်တော့ ကြည့်မြင်တိုင်ညဈေးက မပါမဖြစ်ပါပဲ။ကြည့်မြင်တိုင်ညဈေးမှာဆိုရင် ဈေးရုံကြီးအပြင် လမ်းမတန်းမှာပါ ဈေးဆိုင်များစွာရှိပြီး အရမ်းကိုစည်ကားခဲ့တဲ့ ဈေးတစ်ခုဖြစ်ပါတယ်။အခုကာလမှာတော့ ဈေးဆိုင်ပိုင်ရှင်တချို့ဟာ ဆိုင်များကို ဖွင့်လှစ်ခြင်းမရှိတော့ တဲ့အပြင် ညဈေးရဲ့ အထင်ကရနေရာ တစ်ခုဖြစ်တဲ့ အဝတ်ဟောင်းတန်းမှ ဈေးဆိုင်အချို့ဟာလည်း ၎င်းတို့နေရာကို ဖယ်ရှားပေးခဲ့ရတယ်လို့ပြည်သူတစ်ဦးက စိတ်မကောင်းဖြစ်စွာ ဆိုလာပါတယ်။အခုလိုကာလမှာ သမာအာဇီဝလုပ်ငန်းများဖြင့်အသက်မွေးဝမ်းကြောင်းပြုနေသူအားလုံး အဆင်ပြေကြပါစေလို့ဆုတောင်းရင်း ဤသတင်းကိုဖော်ပြလိုက်ရပါတယ်။