မြန်မာနိုင်ငံ နေရာအနှံ့အပြားရှိ ပြည်သူတွေကတော့ ဒီနေ့အထိ လူထုလှုပ်ရှားမှုတွေကို နေ့ရောညပါ ပြုလုပ်နေကြဆဲ ဖြစ်ပါတယ် ။ ပြည်သူတွေက လမ်းပေါ်ထွက်ပြီး သူတို့ရဲ့ ရင်တွင်းဆန္ဒတွေကို ကြွေးကြော်နေကြသလို ငြိမ်းချမ်းစွာနဲ့ Strike ပြုလုပ်နိုင်မယ့်နည်းလမ်းတွေကိုလည်း အမြဲစဉ်းစားနေကြတာ ဖြစ်ပါတယ် ။ တစ်ချို့ကလည်း မြန်မာနိုင်ငံမှာ ဖြစ်ပျက်သမျှကို ကမ္ဘာကသိအောင် လူမှုကွန်ယက်စာမျက်နှာတွေပေါ်မှာ ဖော်ပြကာ ရရာနေရာတွေကနေ ပါဝင်နေကြတာပါ။
တစ်ချို့နေရာဒေသတွေမှာဆိုရင် နေ့ရောညပါ အပစ်အခတ်တွေရှိနေသေးတာကြောင့် ပြည်သူတွေက စိုးရိမ်ထိတ်လန့်စွာ နေထိုင်နေရတာပါ။ ဒီလို အခက်အခဲ အန္တရာယ်တွေကြားမှာပဲ ပြည်သူအချင်းချင်းအပြန်အလှန်စောင့်ရှောက်ရင်း အားလုံးက လက်တွဲညီညီ ရိုင်းပင်းကူညီနေကြတာလည်းဖြစ်ပါတယ်။ဒါ့အပြင် စားဝတ်နေရေး အဆင်ပြေစေရန်အတွက်လည်း မြို့တိုင်းလိုလိုမှာ ထောက်ပံ့လှူဒါန်းခြင်းတွေကိုလည်းပြုလုပ်လျက်ရှိပါတယ်။
ပြည်သူတွေက ဘယ်လိုအခက်အခဲတွေပဲရှိရှိ ဇွဲမာန်အပြည့်နဲ့ ဒီနေ့ဒီချိန်ထိ တက်ကြွစွာ နေ့ရက်တိုင်း ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ကာ လှုပ်ရှားမှုတွေပြုလုပ်နေဆဲပါ။ ဒီလို လှုပ်ရှားမှုတွေ ပြုလုပ်နေတဲ့ မြို့တွေထဲမှာ မုံရွာမြို့လည်း အပါအဝင်ပါပဲနော် ။ ယနေ့ မေလ (၈) ရက်နေ့ မနက်အစောပိုင်းမှာလည်း မုံရွာက ကျောင်းသူကျောင်းသားတွေစုပေါင်းပြီး သပြေပန်းများကိုင်ဆောင်ကာ အင်အားများစွာနဲ့ ချီတက်လှုပ်ရှားခဲ့ကြပါတယ်။ဒါ့အပြင် အရင်ရက်တွေမှာ ဆိုရင်လည်း အခြား ပုံသဏ္ဌာန်မျိုးစုံနဲ့ လှုပ်ရှားမှုတွေကိုလည်း ပြုလုပ်လျက်ရှိတာလည်းတွေ့ရပါတယ်။