လက်ရှိတောင်ကိုရီးယားနိုင်ငံအတွင်းမှာတော့ မိဘမဲ့ကလေးလေး Joun In အသတ်ခံထားရတာနဲ့ပတ်သတ်ပြီး လှုံဆော်မှုတွေဖြစ်ပေါ်နေပါတယ်။
ဒီ Jung In ဆိုတဲ့ကလေးလေးဟာ ပြီးခဲ့တဲ့ 2020 ခုနှစ် ဇန်နဝါရီလထဲမှာ မိဘမဲ့ဂေဟာကနေ Seoul အနောက်တောင်ဘက်မှာနေထိုင်တဲ့ လင်မယားနှစ်ယောက်ရဲ့ မွေးစားတာကိုခံခဲ့ရပြီး ရက်ပေါင်း 271 ရက်အကြာ 2020 ခုနှစ် အောက်တိုဘာလ 13 ရက်နေ့မှာ နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။
Jung In လေးကိုမွေးစားတဲ့မိဘတွေထဲက မိန်းမဖြစ်သူကတော့ ဘာသာပြန်အလုပ်ကိုလုပ်ပြီး ယောကျာ်းဖြစ်သူကတော့ အသံလွှင့်ကုမ္ပဏီတစ်ခုက ဝန်ထမ်းတစ်ဦးပဲဖြစ်ပါတယ်။ သူတို့လင်မယားမှာ ၄ နှစ်အရွယ်သမီး အရင်းလေးတစ်ယောက်လည်းရှိပြီး Jeong In လေးကို ဒုတိယမြောက်ရင်သွေးလေးအနေနဲ့ မွေးစားခဲ့ကြတာပါ။


အပြုံးလှလှလေးတွေပြုံးတတ်တဲ့ Jung In လေးဟာ မွေးစားခံရပြီး လေးလလောက်အကြာ 2020 ခုနှစ် မေလထဲမှာတော့ကလေးထိန်းစင်တာကိုလာတဲ့အခါ ခန္ဓာကိုယ်မှာ နှိပ်စက်ခံရတာနဲ့ပုံစံတူတဲ့ အညိုကွက်တွေ တွေ့လာရတာကြောင့် ကလေးထိန်းစင်တာက ဝန်ထမ်းက ရဲစခန်းကိုတိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့်လည်း မွေးစားမိဘတွေက ကလေးကိုနှိပ်နယ်ပေးတာ နည်းနည်းပြင်းသွားလို့ပါဆိုတဲ့ ဆင်ခြေနဲ့ ရှောင်ရှားခဲ့ကြပြီး အဲ့ဒီနောက်ပိုင်း Jung In လေးကို ကလေးထိန်းစင်တာကို ပို့ခြင်းမရှိတော့ပါဘူး။
အဲ့ဒီနောက် ဇွန်လထဲမှာဆိုရင်လည်း Jung In လေးကို ကားထဲမှာတစ်ယောက်ထဲပိတ်ထားတယ်ဆိုတဲ့ တိုင်ကြားချက်နဲ့ စက်တင်ဘာလထဲမှာ Jung In လေးက မွေးစားမိဘတွေရဲ့ နှိပ်စက်မှုကိုခံနေရတယ်ဆိုတဲ့ တိုင်ကြားချက်ကို ရဲတွေရခဲ့ပေမယ့်လည်း သက်သေခိုင်ခိုင်မာမာမရှိတာကြောင့် အရေးယူလို့မရခဲ့ပါဘူး။ အဲ့ဒီနောက်ပိုင်းမြင်ရတဲ့ Jung In လေးရဲ့ပုံတွေဟာဆိုရင်လည်း တစ်ကိုယ်လုံးမှာ ညိုမဲရာတွေနဲ့ အပြည့်နဲ့သာဖြစ်ပြီး 2020 ခုနှစ် အောက်တိုဘာလ 13 ရက်နေ့မှာတော့ Jung In လေးဟာ Mok-Dong က ဆေးရုံတစ်ခုမှာ ဆုံးပါးသွားခဲ့ပါတယ်။


ဒီလိုဆုံးပါးသွားမှုကို လူသိပ်မသိခဲ့ကြပေမယ့် Jung In လေးဟာ အရိုးကွဲအက်ဒဏ်ရာတွေ ၊ ဦးခေါင်းခွံဒဏ်ရာတွေနဲ့ နှလုံးသုံးကြိမ်လောက် ရပ်ပြီးမှ စိတ်မကောင်းဖွယ်ရာ သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။အဓိက အကြောင်းရင်းကတော့ ပြင်ပကနေ အားပြင်းပြင်းနဲ့ဝင်ရောက်တဲ့ တိုက်ခိုက်မှုတွေကြောင့် ကိုယ်တွင်းကလီစာတွေထဲမှာ သွေးယိုစိမ့်မှုများပြီး သေဆုံးသွားခဲ့တာပဲဖြစ်ပါတယ်။
အဲ့အချိန်က Jung In လေးရဲ့သေဆုံးမှုကို သိသူသိပ်မရှိခဲ့ကြပေမယ့် ပြီးခဲ့တဲ့ရက်ပိုင်းလောက်က သတင်းထောက်တစ်ယောက်ရဲ့ ထုတ်ဖော်မှုကြောင့် ဒီဖြစ်ရပ်ကို ကိုရီးယားတစ်နိုင်ငံ လုံးသိသွားခဲ့ပြီး လက်ရှိမှာ Jung In လေးကိုသတ်တဲ့ မွေးစားမိဘတွေကို အပြင်းအထန်အရေးယူပေးဖို့ တောင်းဆိုနေကြပါတယ်။
မွေးစားခံရပြီး တစ်လအကြာလောက်ထဲက ရက်ရက်စက်စက်နှိပ်စက်ခံရမှုကြောင့် သေဆုံးသွားခဲ့ Jung In လေးကို သတ်ခဲ့တဲ့မိဘတွေကိုတော့ လာမယ့် ဇန်နဝါရီလ 13 ရက်နေ့မှာ ရုံးတင်တော့မှာပဲဖြစ်ပါတယ်။
ဆယ့်ခြောက်လ အရွယ်ကလေးမလေး Jung In ကိုရက်ရက်စက်စက် အသက်သေဆုံးသွားတဲ့အထိ ညှဉ်းပန်းနိပ်စက်ခဲ့တဲ့ မိဘတွေကို တောင်ကိုရီးယားအစိုးရအနေနဲ့ ဘယ်လောက်ထိ ပြင်းထန်တဲ့ ပြစ်ဒဏ်ချမှတ်မလဲဆိုတာကိုတော့ မသိရှိသေးပါဘူး။
ဒီဖြစ်ရပ်ကိုလည်း လက်ရှိမှာ တောင်ကိုရီးယားပြည်သူတွေသာမက နိုင်ငံကျော် မင်းသားမင်းသမီးတွေ ၊ Idols တွေကပါ #SorryJungIn ဆိုတဲ့ hashtag နဲ့ ဆိုရှယ်မီဒီယာတွေကနေ လှုံ့ဆော်နေကြပါတယ်။


သတင်းအရင်းမြစ်: koreajoongangdaily
"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။