ကိုယ်ဝန်ရှိလာတဲ့အခါ ရေမြွှာအကြောင်းကို နားလည်ထားဖို့လိုပါတယ်...။ ရေမြွှာပေါက်ပြီး၊ ရေမြွှာရေနည်းနေတယ်၊ ရေမြွှာများနေတယ် စသဖြင့် ကြားဖူးနားဝရှိကြပါလိမ့်မယ်။ ရေမြွှာဆိုတာဘာလဲ၊ ကိုယ့်ဗိုက်ထဲက ကလေးနဲ့ ကိုယ့်အပေါ်ဘယ်လိုသက်ရောက်မှုတွေရှိလဲဆိုတာသိချင်လာကြမယ်လို့လည်းထင်ပါတယ်။ ရေမြွှာရေတွေဘယ်ကလာသလဲဆိုတာကတော့ သားအိမ်ထဲမှာရေမြွာအိတ်ကလေးတစ်ခုရှိပါတယ်...။ အဲဒီရေမြွှာအိတ်လေးထဲမှာမှ သန္ဓေသားလေးဟာရေမြွှာရေတွေနဲ့အတူရှိနေတာဖြစ်ပါတယ်...။ ကိုယ့်သားအိမ်ထဲကို အလိုလိုနေရင်းဘယ်ကအရည်တွေရောက်လာလဲဆိုတာစဉ်းစားကြည့်ရင် အံ့သြစရာပါပဲ...။ ဒီရေမြွှာအရည်တွေဟာ မျိုးအောင်ပြီးတစ်ပတ်အကြာလောက် ကတည်းက ရေမြွှာအမြှေးပါးလေးကနေစစ်ထုတ်ပေးထားတာဖြစ်ပါတယ်...။ ၁၀ ပတ်လောက်အကြာမှာတော့ သန္ဓေသားလေးရဲ့ သွေးရည်ကြည်တွေဟာအရေပြားနဲ့ ချက်ကြိုးကနေစိမ့်ထွက်လာပြီး ရေမြွှာရေတွေအဖြစ်စုမိလာပါတယ်...။ ၁၆ ပတ်ကနေစပြီးတော့မှ သန္ဓေသားလေးရဲ့ အရေပြားဟာ ရေစိမ့်မထွက်နိုင်တော့ဘဲ ကျောက်ကပ်နဲ့ အဆုတ်ကအရည်တွေထုတ်ပြီး ဒီအရည်တွေကို သန္ဓေသားကပါးစပ်ကနေ ပြန်မြိုချတာဖြစ်ပါတယ်...။ 

photo credit pngtree

ဗိုက်ထဲမှာ ရေမြွှာရည်တွေ ဘယ်လောက်ထိရှိလဲဆိုတာကတော့ ရေမြွှာရည်တွေဟာ ကိုယ်ဝန်ဆောင်လရင့်လာတာနဲ့အမျှ တဖြည်းဖြည်းများလာပါတယ်...။ (၁၀) ပတ်ဆို ၃၀မီလီလီတာ၊ (၂၀) ပတ်ဆို ၃၀၀မီလီလီတာ၊ (၃၀) ပတ်ဆို ၆၀၀မီလီလီတာ၊ (၃၈) ပတ်ဆို ၁၀၀၀မီလီလီတာ၊ ဒါကတော့ သက်တမ်းအလိုက်ရှိတဲ့ ရေမြွှာရည်ပမာဏတွေပဲဖြစ်ပါတယ်...။ ပုံမှန်အားဖြင့်တော့ (၄၀၀) ကနေ (၁၅၀၀) မီလီလီတာကြားမှာရှိပါတယ်...။ ရေမြွှာရည်က ကိုယ်ဝန်ဆောင်အစောပိုင်းကာလမှာတော့ အမေ့သွေးရည်ကြည်ထဲမှာ ပါဝင်တာတွေအတိုင်းပဲဖြစ်ပါတယ်...။ ဝါဖြော့ဖြော့အရောင်ရှိပြီးအယ်ကာလီဓာတ်တွေများပါတယ်...။ နောက်ပိုင်းမှာတော့ သန္ဓေသားရဲ့ဆီးက ဓာတ်ဆားဓာတ်တွေနည်းတာကြောင့် "အော့စမိုးတစ်ပရက်ရှာ" (Osmotic Pressure) နည်းသွားတာဖြစ်ပါတယ်...။

photo credit pngtree

ရေမြွှာရည်က ဘာတွေလုပ်ပေးသလဲဆိုတာကတော့ တော်ရုံတန်ရုံ ထိမိခိုက်မိတဲ့အခါမှာ ဒီရေမြွှာရည်တွေခံနေတဲ့အတွက် သန္ဓေသားကိုမထိခိုက်တော့ပါဘူးနော်...။ ဒီအရည်တွေရှိနေတာကြောင့် သန္ဓေသားရဲ့လှုပ်ရှားမှုအတွက် အဆင်ပြေချောမွေ့စေတာဖြစ်တာမလို့ ခြေ၊ လက်တွကွေးကောက်တာ၊ ပုံပျက်တာတွေ မဖြစ်တော့ဘူးပေါ့နော်...။ ပြီးတော့လည်းအရည်တွေရှိနေတာကြောင့် အရေမြွှာ အမြှေးပါးက သန္ဓေသားကို လာမကပ်တော့ပါဘူး...။ သန္ဓေသားရဲ့ လေပြွန်လမ်းကြောင်းထဲကို အရည်တွေဝင်စေပြီး အဆုတ်ကိုကောင်းမွန်စွာ ဖွံ့ဖြိုးလာစေတာဖြစ်ပါတယ်...။ ဖိအားကိုထိန်းပေးထားတဲ့အပြင် ပြင်ပမှာအရမ်းပူ၊ အရမ်းအေးတဲ့ဒဏ်တွေကနေ သန္ဓေသားကို တိုက်ရိုက်မရောက်အောင်လည်း အပူချိန်ကိုထိန်းညှိပေးထားနိုင်ပါသေးတယ်...။ ဒေါက်တာစိမ့်စမ်းဖြူ ရေးသားထားတဲ့ "မေမေဖြစ်တော့မှာလား၊ ဒါလေးတွေ သိထားကြစေသား အပိုင်း(၂)" ကျန်းမာရေးဆောင်းပါးမှ မေမေ့ဗိုက်ထဲက ရေမြွှာတွေနဲ့ ပတ်သက်ပြီး "ဘယ်ကလာတယ်၊ ဘယ်လောက်ထိရှိတယ်၊ ဘယ်လိုမျိုးရှိတယ်၊ ဘာတွေလုပ်ပေးတယ်"....ဆိုတဲ့ ခေါင်းစဉ်မေးခွန်းတွေအောက်မှာ စနစ်တကျနဲ့ တစ်ခုချင်းစီရှင်းပြထားတာကို ပြန်လည်မျှဝေပေးလိုက်ခြင်းဖြစ်ပါတယ်...။

Source ဒေါက်တာစိမ့်စမ်းဖြူ

photo credit pngtree

photo credit For Your Health For Your Beauty facebook page

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။