နေ့စဉ်နီးပါးကြားသိနေရတဲ့ သတင်းတွေထဲမှာ ယာဉ်တိမ်းမှောက်မှုနဲ့ ယာဉ်တိုက်မှုသတင်းတွေကတော့ များစွာပါဝင်လျှက်ရှိပါတယ်။ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ် ငှက်ကြီးသိုက်ကျေးရွာအနီး (ရန်ကုန်-ပုသိမ်) ကားလမ်းတွင် ဩဂုတ် ၂၃ ရက်နေ့ ဒီကနေ့ နံနက် ၅ နာရီ မိနစ် ၃၀ ခန့်က မှန်လုံယာဉ်တစ်စီး လမ်းချော်ကာ ကားလမ်းပိတ်ဆို့မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

ဖြစ်စဉ်မှာ ရန်ကုန်ဘက်မှပုသိမ်ဘက်သို့ ယာဉ်မောင်း ထွန်းညိုဦး အသက်(၄၉ နှစ်)၊နေပြည်တော်နေသူ မောင်းနှင်ပြီး ယာဉ်နောက်လိုက် နှစ်ဦးလိုက်ပါလာသော 5K/---- ရွှေပြည်တော် (မြဝတီ - ပုသိမ်) ခရီးသည်တင်မှန်လုံယာဉ်(ခရီးသည်မပါ)သည် ရန်ကုန်-ပုသိမ် ကားလမ်း မိုင်တိုင်အမှတ် ၉၃/၃ နှင့် ၉၃/၄ ကြားအရောက်တွင် လမ်းချော်ကာ လမ်း၏ညာဘက်မှသစ်ပင်အားဝင်ရောက်တိုက်မိပြီး လမ်းမအလယ်တွင် ကန့်လန့်ဖြစ်၍ ကားလမ်းပိတ်ဆို့မှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ အဆိုပါအခင်းဖြစ်ပွားရာ နေရာသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမြင့်၊ ခေတ္တမြို့နယ်ရဲတပ်ဖွဲ့မှူး ဒုရဲမှူး အေးကျော် နှင့် မြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးမြင့်စိုးတို့ ဦးဆောင်သော ရဲတပ်ဖွဲ့ဝင်များနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ လမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ ပြည်သူများမှ လမ်းပိတ်ဆို့မှု မရှိစေရေးအတွက် လူအင်အားများ၊ စက်အင်အားဖြင့် စုပေါင်းရှင်းလင်း ဆောင်ရွက်ခဲ့ရကြောင်း သိရပါယ်။  

အဆိုပါ ရှင်းလင်းဖယ်ရှားမှုကြောင့် ဒီကနေ့ နံနက် ၇ နာရီ မိနစ် ၄၀ ခန့်တွင် ကားလမ်းပြန်ပွင့်ကာ ယာဉ်များ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာနိုင်ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်နှင့်ပက်သက်၍ ယာဉ်ကိုမဆင်မခြင်မောင်းနှင်သူ ယာဉ်မောင်း ထွန်းညိုဦးအား ဥပဒေအရ အရေးယူ ဆောင်ရွက်ထားရှိကြောင်း ကန်ကြီးထောင့်မြို့နယ်ရဲစခန်းမှ သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။