ယနေ့အထိဖြစ်ပွားနေဆဲဖြစ်တဲ့ ရှမ်းပြည်အတွင်းက စစ်ပွဲသတင်းတွေကိုတော့ ပရိသတ်တွေလည်း ကြားသိမယ်ထင်ပါတယ်။ အဆိုပါပြည်တွင်းစစ်ပွဲကြောင့် ပျက်ဆီးခဲ့မှုတွေထဲမှာ ဂုတ်တွင်းတံတားကတော့ အဓိကပါဝင်ခဲ့တာပဲဖြစ်ပါတယ်။ ၎င်းဂုတ်တွင်းတံတားကတော့ သြဂုတ်လ ၁၅ရက်နေ့နံနက်ပိုင်းက လက်နက်ကိုင်အဖွဲ့အချို့ရဲ့ ဗုံးခွဲ ဖျက်ဆီးခြင်းကိုခံခဲ့ရတာပဲဖြစ်ပါတယ်။ အဆိုပါ ပျက်ဆီးသွားတဲ့ ဂုတ်တွင်းတံတားကြောင့် ကူးသန်းရေးအတွက် အခတ်အခဲများစွာဖြစ်ခဲ့ပြီး ကုန်ကားများစွာရပ်နားခဲ့ရကြောင်း သိရပါတယ်။  

ပျက်ဆီးသွားတဲ့ ဂုတ်တွင်းတံတားကို အစိုးရဘက်မှ အမြန်ဆုံးပြန်လည်ဆောက်လုပ်လျှက်ရှိပြီး နေ့ညမပျက်ဆောက်လုပ်နေကြကြောင်း သိရပါတယ်။ လက်ရှိ အဆိုပါ တံတားကို အိမ်စီးကားငယ်များနဲ့ ကုန်ကားကြီးများ (ယာဉ်+ကုန်= ၃၆တန်) ဖြတ်သန်းနိုင်ဖို့ ဆောင်ရွက်လျှက်ရှိတယ်လို့ ဆောက်လုပ်ရေးဝန်ကြီးဌာနက ပြောပြခဲ့ပါတယ်။ တံတားအသစ်ကိုတော့ လက်ရှိဂုတ်တွင်း ယာယီဘေလီတံတား နှင့်အပြိုင် နံဘေးတွင်နှစ်လမ်းသွား သံကူကွန်ကရစ်တံတား (၁)စင်းပုံစံဖြင့် အမြန်ဆုံး တည်ဆောက်နိုင်ရန် ကြိုးစားလျှက်ရှိကြောင်း သိရပါတယ်။  

ဆောက်လုပ်ရေးဝန်ကြီးဌာန၊ တံတားဦးစီးဌာန ကလည်း လိုအပ်သည်များကို ဆောင်ရွက်လုပ်ဆောင်ပေးလျှက်ရှိပါတယ်။ ဂုတ်တွင်း တံတားအသစ် တည်ဆောက်ပြီးစီးပါက လက်ရှိ အသုံးပြုနေသော ယာယီဘေလီတံတား ကိုဖြုတ်သိမ်းသွားမည် ဖြစ်ကြောင်း သိရပါတယ်။ ပျက်စီးသွားသော ဂုတ်တွင်း တံတားဟောင်း၏ကျိုးသွားသည့် သံကူကွန်ကရစ် ယက်မများ (RC Girder) အစားထိုးခြင်း နှင့် ပျက်စီးသွားသော တံတားတိုင်များ (RC Pier and RC Top Beam) အသစ် ပြန်လည်တည်ဆောက်ခြင်း တို့ကိုဆောင်ရွက်မည်ဖြစ်၍ ခိုင်မာတောင့်တင်းသော တံတားတစ်စင်းရရှိလာမှာပဲဖြစ်ပါတယ်။ ထို့ကြောင့် ဂုတ်တွင်း တံတားအသစ်(၁)စင်း တည်ဆောက်ခြင်းနှင့် မူလ ဂုတ်တွင်း တံတားဟောင်း(၁)စင်းအား ပြန်လည် ပြင်ဆင်ပြီးစီးပါက နှစ်လမ်းသွား တံတား(၂)စင်း ရရှိလာမည်ဖြစ်ရာ အဓိက ကုန်သွယ်ရေးလမ်းမကြီး ဖြစ်သော မန္တလေး - နောင်ချို - လားရှိုး - မူဆယ် လမ်းမကြီးပေါ် ဂုတ်တွင်း တွင် အသွား/အပြန် အသုံးပြုနိုင်မည့် (၄)လမ်းသွား သံကူကွန်ကရစ်တံတား အဖြစ် ခရီးသွားပြည်သူများနှင့် ကုန်စည်များစီးဆင်းဖြတ်သန်းနိုင်မည် ဖြစ်ပါကြောင်း သိရပါတယ်။

PHOTOS - HAN LYNN MAUNG 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။