လက်တလော ပြည်တွင်းရေကြီးမှုနဲ့ပတ်သက်ပြီး ပရိသတ်တွေလည်း သိရှိကြမယ်ထင်ပါတယ်။ ရေကြီးမှုတွေကြောင့် သေဆုံးမှုတွေနဲ့အတူ နေအိမ်စွန့်ခွာကာ ရေဘေးရှောင်အဖြစ်ခိုလှုံနေရသူတွေများစွာရှိနေကြောင်း သိရပါတယ်။ ရေကြီးမှုကြောင့် အစားအစာ၊ အဝတ်အထည်တွေနဲ့ ဆေးဝါးလိုအပ်ချက်တွေများစွာရှိနေပြီး အလှူရှင်တွေလည်း သွားရောက်လှူဒါန်းလေ့ရှိတာတွေ့ရပါတယ်။   

မြန်မာနိုင်ငံတောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီး၊ တနင်္သာရီမြို့နယ်အတွင်း မိုးသည်းထန်စွာ ရွာသွန်းသဖြင့် တနင်္သာရီမြစ်ရေလျှံကာ မြို့ပေါ်ရပ်ကွက်နှင့် ကျေးရွာများအနှံ့ ပြည်သူများ ရေဘေးဒုက္ခ ခံစားကြုံတွေ့နေရကြောင်း သိရပါတယ်။ အဆိုပါ ရေဘေးသင့်ဒေသတွေသို့ ကယ်ဆယ် ရေးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် အလှမ်းဝေးရာ ကျေးလက်ပြည်သူ များသို့ ပရဟိတလုပ်ငန်းများအား အစဉ်တစ်စိုက်ဆောင်ရွက်လျက်ရှိသည့် ကော့သောင်း ကမ်းနီး အဖြူရောင် ပရဟိတအဖွဲ့သည် မနေ့က ကယ်ဆယ် ထောက်ပံ့ရေး ပစ္စည်းများ ကျေးရွာပြည်သူများအား ကူညီထောက်ပံ့လှူဒါန်းခဲ့ကြကြောင်း သိရပါတယ်။ 

အဆိုပါလှူဒါန်းမှုတွင် ကော့သောင်းမြို့ မြို့မိမြို့ဖ စေတနာရှင်များ၊ အလှူရှင်များ၊ ကုမ္ပဏီ၊ အသင်းအဖွဲ့များနှင့် ကော့သောင်းကမ်းနီး အဖြူရောင်ပရဟိတအဖွဲ့တို့ စုပေါင်းလှူဒါန်းခဲ့ကြတာပဲဖြစ်ပါတယ်။ ၎င်းလှူဒါန်းမှုပစ္စည်းတွေမှာတော့ တာရှည်ခံ အသင့်စားသောက်ဖွယ်ရာများ၊ ခေါက်ဆွဲခြောက်ထုတ်များ၊ သောက်ရေသန့်များ၊ ဘီစကွတ် မုန့်ခြောက်ဗူးများနှင့် အဝတ်အထည်မျိုးစုံအား ကူညီကယ်ဆယ်ရေး လုပ်ငန်းများ သွားရောက် ဆောင်ရွက်ရန် ခက်ခဲဝေးလံသည့် တနင်္သာရီမြစ် ချောင်းဖျားဒေသများရှိ မြေမအုံကျေးရွာ၊ ဗမာအင်းတော်ကျေးရွာ၊ ကျောက်မိကျောင်းကျေးရွာများရှိ ကျေးလက်ပြည်သူ မိသားစုများနှင့် ဘုန်းတော်ကြီး ကျောင်းတိုက်များအား သွားရောက် ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ကြခြင်း ဖြစ်ကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။