သဘဝဘေးအန္တရယ်နဲ့ပတ်သက်ပြီး ပြည်တွင်း ကြိုတင်ကာကွယ်မှုတွေကို တိုင်းဒေသကြီးအနှံ့အပြားတွင် မကြခဏပြုလုပ်လေ့ရှိတာတွေ့ရပါတယ်။ မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ မြင်းခြံမြို့တွင် ခရိုင်မီးသတ် ဦးစီးဌာနမှ ငလျင်ဘေးအန္တရယ် ကျရောက်ပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက် ကူညီကယ်ဆယ် နိုင်ရေးအတွက် သရုပ်ပြခြင်းကို ရဲသင်တန်းကျောင်း အတွင်း မနေ့ကနံနက် (၈:၃၀) နာရီ အချိန်က ပြုလုပ်ခဲ့ကြောင်း သိရပါတယ်။ အဆိုပါ သရုပ်ပြပွဲတွင် မြင်းခြံခရိုင် အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်က ငလျင်ဘေးန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကျရောက်ပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက် ကယ်ဆယ်နိုင်ရေးကို မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက အမြဲအဆင်သင့်ရှိနေသဖြင့် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။  

ဆက်လက်၍လည်း ဘေးအန္တရာယ် ကျရောက်မှုများကို ကူညီကယ်ဆယ်နိုင်ရေးအတွက် အမြဲတမ်း လေ့ကျင့်နေသည့် အဖွဲ့အစည်းဖြစ်သည့်အတွက် ဂုဏ်ယူပါကြောင်း သိရပါတယ်။ ထို့နောက် ငလျင်ဘေးအန္တရာယ် ကျရောက်ပါက လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်ကယ်ဆယ်နိုင်ရေး သရုပ်ပြသမှုကို မြင်းခြံခရိုင် မီးသတ်တပ်ဖွဲ့မှ ခရိုင်လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ကျော်နိုင် ဦးစီး၍ ခရိုင်တပ်ခွဲအဆင့် အင်အား (၁၁၆) ဦးဖြင့် သဏ္ဍာန်တူ ဆောက်လုပ်ထားသော အဆောက်အဦတွင် ငလျင်ကြောင့် ပြိုကျမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ ၊ သေဆုံးသူများကို ရှာဖွေကယ်ဆယ်ခြင်း ၊ မော်တော်ကားပျက်စီး၍ ပိတ်မိနေသူများအား ခေတ်မီပစ္စည်း ကိရိယာများ အသုံးပြု ကယ်ဆယ်ခြင်းများကို အဆင့်အလိုက် စနစ်တကျ သရုပ်ပြသခဲ့ကြပါတယ် ။ ထို့အပြင် ခရိုင်မီးသတ်ဦးစီးမှူး ဦးအောင်ကျော်နိုင်မှလည်း မိမိ တို့ဒေသသည် စစ်ကိုင်းပြတ်ရွေ့ ငလျင်ကြောပေါ်တွင် ရှိသဖြင့် ဘေးအန္တရာယ် ကျရောက် ပါက လျင်မြန်စွာတုံ့ပြန် ဆောင်ရွက်ကူညီ ကယ်ဆယ်နိုင်ရန် မိမိတို့ တပ်ဖွဲ့ဝင်များကို အဆင်သင့်ဖြစ်နေစေရန် အမြဲလေ့ကျင့်ပေးနေကြောင်း ၊ မိုးများ သည်းထန်စွာ ရွာသွန်းခြင်း ၊ လေးပြင်းတိုက်ခြင်းတို့ကြောင့် သဘာဝဘေးအန္တရာယ် များကြောင့် ဖြစ်ပေါ်လာသည့် သစ်ပင် ၊ သစ်ကိုင်းများကျိုးခြင်း ၊ ယာဉ်မတော်တဆ မှုကြောင့် ကားအတွင်းညှပ်၍ ပိတ်မိနေခြင်း များကိုလည်း ကူညီပေးနေပါကြောင်း သိရပါတယ်။ 

မိမိတို့ မြို့သည် ဧရာဝတီမြစ်နှင့် နီး၍ နှစ်စဉ်မြစ်ရေကြီးခြင်းရှိသဖြင့် ရေပြင် ကယ်ဆယ်ရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်ပေးနေ ပါကြောင်း ပြောကြားခဲ့ပါတယ်။ အဆိုပါ ငလျင်ဘေးအန္တရာယ် ကျရောက်ပါက လျင်မြန်စွာ တုံ့ပြန်ဆောင်ရွက် ကူညီကယ်ဆယ်နိုင်ရေး သရုပ်ပြပွဲသို့ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင့်လှိုင်နှင့် ခရိုင်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးညီညီအောင်နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာ အကြီးအကဲများ ၊ WSEC ကိုယ်ပိုင် အထက်တန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများ ၊ လူမှုကူညီရေး အသင်းများမှ တက်ရောက် ခဲ့ကြောင်း သိရှိရပါတယ် ။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။