ဗုဒ္ဓဘာသာနိုင်ငံတစ်နိုင်ငံဖြစ်တာနဲ့အညီ အလှူအတန်းနဲ့ သာသနာပြုလုပ်ဆောင်ချက်တွေကတော့ နေ့စဉ်နီးပါးကြားသိရမယ်ထင်ပါတယ်။ မန္တလေးမြို့ အဆင့်မြင့်ဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးရုံသစ်ဖွင့်ပွဲ (၂၅)နှစ်မြောက် ငွေရတု အထိမ်း အမှတ် သံဃာတော်အပါး (၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲကို မန္တလေးမြို့၊ အဆင့်မြင့်ဈေးချိုတော် အရှေ့ဘက် ၈၄လမ်း၊ ၂၆×၂၇ လမ်းကြားတွင် ဒီကနေ့ နံနက် ၈ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်းသိရပါတယ်။  

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးမြို့တော်ဝန် ဒေါက်တာရဲလွင်နှင့် မန္တလေးဈေးချိုတော်နှင့် တိုက်တန်းကြီး ဈေးအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်သိန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပြီး အမှတ်တရ စုပေါင်းဓါတ်ပုံရိုက်ကူးခဲ့ပါတယ်။ ထို့နောက် ကြွရောက်တော်မူကြသည့် မြတ်စွာဘုရားအမှူးပြုသော ပင့်သံဃာတော် အရှင်သူမြတ် အပါး(၁၀၀၀) တို့ အား ဆွမ်း၊ ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ပစ္စည်းများ ဆပ်ကပ်လောင်းလှူခဲ့ကြကြောင်း သိရပါတယ်။  

ယင်းနောက် ကြွရောက်လာသူများအား မုန့်ဟင်းခါးများဖြင့် စတုဒိသာကျွေးမွေးပြီး မြို့မတေးဂီတအဖွဲ့ဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပါတယ်။ အဆိုပါ သံဃာတော်အပါး(၁၀၀၀) ဆွမ်းဆန်စိမ်းလောင်းလှူပွဲသို့ မန္တလေးတိုင်း ဒေသကြီး ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးဈေးချိုတော်နှင့် တိုက်တန်းကြီးဈေးအကျိုးတော်ဆောင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဈေးရုံအသီးသီးမှ ရုံကိုယ်စားလှယ်များ၊ ဈေးသူ၊ ဈေးသားများ၊ အလှူရှင်များနှင့် ဖိတ်ကြား ထားသူများ တက်ရောက်ခဲ့ကြကြောင်း သိရပါတယ်။

SOURCE - moi 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။