ယဉ်ကျေးမှုမြို့တော် မန္တလေးတွင် မြန်မာ့ပန်းဆယ်မျိုးအတတ်ပညာများ များစွာတည်ရှိလျက်ရှိရာ အဆိုပါ အတတ်ပညာများတွင် တစ်ခုအပါအဝင်ဖြစ်သော ကြေးသွန်း၊ကြေးခတ် ပန်းတဉ်းလုပ်ငန်းကို မန္တလေးမြို့ ချမ်းမြ သာစည်မြို့နယ်ရှိ တမ္ပဝတီရပ်ကွက်၌ တွင်ကျယ်စွာလုပ်ကိုင်လျက်ရှိပါတယ်။ အဆိုပါ ကြေးသွန်း(ပန်းတဉ်း) လုပ်ငန်းကို တမ္ပဝတီရပ်ကွက် တစ်ရပ်ကွက်လုံးနီးပါး လုပ်ကိုင်လျက်ရှိပြီး ဆင်းတုတော်၊ ခေါင်းလောင်း၊ မောင်း၊ မောင်းဆိုင်း၊ ကြေးစည်၊ လင်းကွင်း၊ ကြေးဖြင့်ပြုလုပ်သော ဆက်စပ်ပစ္စည်းအမျိုးမျိုး လုပ်ကိုင်လျက်ရှိကြောင်း သိရပါတယ်။ ပန်းတဉ်းလုပ်ငန်းတွင် ကြေးသွန်းခြင်းလုပ်ငန်းနှင့် ကြေးခတ်ခြင်းလုပ်ငန်းဟူ၍ လုပ်ငန်းနှစ်မျိုးရှိကြောင်း သိရပါတယ်။ 

ကြေးသွန်းခြင်းမှာ ကြေးနီ၊ သံ စသောသတ္တုများနှင့်ရောကြိုကာ ပုံသွန်းလောင်း၍ ပုံတူဆောင်ရွက်ခြင်း၊ ဆင်းတုတော်၊ ခေါင်းလောင်းစသည်တို့ကို သွန်းလောင်းခြင်းဖြစ်ပြီး ကြေးသွန်းလုပ်ငန်းပြုလုပ်ရာတွင် မိုအကြမ်းရိုက်ပြီး မြေနီ/ရွံ့မြေများနှင့်စပါးခွံများ အချိုးကျရောနှောကာ ပုံကြမ်းလောင်းရကြောင်း သိရပါတယ်။ အဆိုပါပုံကြမ်းအား ဖယောင်းကပ်ကာ အနုစိပ်ပုံဖော်ရကြောင်း၊ ဆက်လက်ပြီး မြေနုကပ်၊ မြေမန်/အုတ်အုံကာ မီးပူပေးပြီး ဖယောင်းသား နေရာတွင် ကြေးရည်သွန်းလောင်းရကြောင်း၊ အဆိုပါ သွန်းလောင်းရာမှ ရရှိလာသော အကြမ်းထည်ကို အဆင့်ဆင့် အချောသတ်ရကြောင်း၊ အဆိုပါ ကြေးသွန်းလုပ်ငန်းကို ဘုရားဆင်းတုပုံတော် ဆောင်ရွက်ရာတွင် အများဆုံး ဆောင်ရွက်ပြီး ပြည်တွင်း၌သာ အများဆုံးအသုံးပြုပြီး အရွယ်အစား ခြောက်လက်မမှ လိုအပ်သလောက် အရွယ်အစားထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။ ပစ္စည်းအမျိုးအစားနှင့်အရွယ်အစားများပေါ် မူတည်၍ အချိန်ပေးရကြောင်း တမ္ပဝတီရပ်ကွက် မလိခမြန်မာမှုကြေးသွန်းလုပ်ငန်းမှ သိရပါတယ်။ 

ကြေးခတ်ခြင်းမှာ ကြေးနီကို အခတ်ခံနိုင်သောအဆင့်ရောက်အောင် သံ၊သံဖြူများနှင့် ရောစပ်ကျိုရကြောင်း၊ ထို့သို့ ရောစပ်ရရှိသော ကြေးကိုအပူပေးကာ လိုအပ်သလို ပုံစံရအောင် အကြိမ်ကြိမ်ထုရကြောင်း၊ ယင်းသို့ ထုသည်ကို ခတ်သည်ဟုခေါ်ပါတယ်။ ကြေးစည်၊ဇွန်း၊မောင်း၊မောင်းဆိုင်း၊လင်းကွင်းများမှာ ကြေးခတ်ခြင်း လုပ်ငန်းမှ ဖြစ်ကြောင်း ကြေးသွန်း၊ ကြေးခတ်လုပ်ငန်းမှာ တိုးတက်လာသည့်ခေတ်နှင့်အညီ ခေတ်မီပစ္စည်းများ အကူအညီဖြင့် လုပ်ငန်းလည်ပတ်လျက်ရှိရာ ယခင်က သုံးပေရုပ်တုတစ်ခုကို ခြောက်လခန့်အချိန်ပေးရပြီး ယခုတွင် တစ်လခွဲခန့် ဖြင့် ပြီးစီးရာ လုပ်ငန်းတွင်ကျယ်၍ အချိန်ကုန်သက်သာကြောင်းနှင့် သုံးပေ ရုပ်တုတစ်ခုကို ငွေကျပ်ကိုးသိန်းခန့်၊ မှာယူသည့်အရွယ်အစားအလိုက် အရွယ်စုံလုပ်ကိုင်ကာ ပုံတူများလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်းပြောပြခဲ့ပါတယ်။ မြန်မာ့ရိုးရာပန်းဆယ်မျိုးအတတ်ပညာဖြစ်သော ပန်းတဉ်းလုပ်ငန်းကို မန္တလေးမြို့တွင်သာ အများဆုံး တွေ့ရှိနိုင်ပြီး အဆိုပါလုပ်ငန်းကို ပြည်ပခရီးသွားများ လာရောက်လေ့လာမှုရှိသော်လည်း ပြည်တွင်းဈေးကွက်သာ အားထားလုပ်ကိုင်နေရကြောင်း သိရပါတယ်။

source - the Mirror daily

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။