ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖြစ်ရေး အတွက် ပါဝင်ဆောင်ရွက်ပေးခဲ့ကြသည့် ပုဂ္ဂိုလ်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုချီးမြှင့်ပွဲနှင့် ညစာစားပွဲအခမ်းအနားကို ယနေ့ညနေ ၆ နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန-၂ (MICC-II)၌ကျင်းပရာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်နှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့ တက်ရောက်၍ ဂုဏ်ပြုအမှာ စကားပြောကြားခဲ့ပါတယ်။ အခမ်းအနားသို့ ဒုတိယသမ္မတ ဦးမြင့်ဆွေ၊ ဒုတိယသမ္မတ ဦးဟင်နရီ ဗန်ထီးယူ၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်၊ ပြည်ထောင်စုတရားသူကြီး ချုပ် ဦးထွန်းထွန်းဦး၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ပြည်သှူလွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဒုတိယဥက္ကဋ္ဌ၊ ပြည်ထောင်စုဝန်ကြီးများ၊ ပြည်ထောင်စုရှေ့နေချုပ်၊ ပြည်ထောင်စုစာရင်းစစ်ချုပ်၊ ပြည်ထောင်စုရာထူးဝန်အဖွဲ့ဥက္ကဋ္ဌ၊ နေပြည်တော် ကောင်စီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်များ၊ နေပြည်တော်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အမြဲတမ်းအတွင်းဝန်များ၊ ဌာန ဆိုင်ရာအကြီးအကဲများ၊ သံအမတ်ကြီးများ၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ၊ ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းတင်သွင်းရေးလုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ခဲ့သည့် ကော်မတီနှင့် ဆပ်ကော်မတီများမှ တာဝန်ရှိသူများ၊ အလှူရှင်နိုင်ငံများနှင့်အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ ပြည်တွင်းပြည်ပ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြပါတယ်။ အခမ်းအနားတွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအမွေအနှစ်များ ပေါကြွယ်၀ ပြီး ယင်းယဉ်ကျေးမှုအမွေအနှစ်များမှာ ရှေးယခင်ကတည်း က မြန်မာနိုင်ငံ၏ အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားထည်ဝါမှု ကို ဖော်ညွှန်းပြသနေပါကြောင်း၊ ယဉ်ကျေးမှုအမွေအနှစ် များဟုဆိုရာတွင် ဗိသုကာလက်ရာ အရည်အသွေးမြင့်မား သည့် ဘုရား၊ စေတီ၊ ပုထိုး၊ ကျောင်း၊ တန်ဆောင်း၊ အထိမ်းအမှတ် အဆောက်အအုံများနှင့် မြို့ပြနန်းတော် စသည့် ဒြပ်ရှိယဉ်ကျေးမှုများနှင့် မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသည့် တိုင်းရင်းသားလူမျိုးများ၏ ရိုးရာ ဓလေ့ထုံးစံ၊ ဘာသာစကား၊ စာပေများစသည့် ဒြပ်မဲ့ ယဉ်ကျေးမှုများလည်း ပါဝင်ပါကြောင်း၊ ပုဂံဒေသရှိ စေတီ ပုထိုးများတွင် ယဉ်ကျေးမှုမြင့်မားသည့် နံရံဆေးရေး ပန်းချီများ၊ တန်ဖိုးမဖြတ်နိုင်သည့် အနုသုခုမလက်ရာများကို တွေ့ရှိနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် ပုဂံဒေသသည် မြန်မာနိုင်ငံ၏ ရှေးဟောင်းယဉ်ကျေးမှုဆိုင်ရာအံ့ဖွယ် ဒေသဖြစ်ပါကြောင်း၊ ယင်းယဉ်ကျေးမှုအမွေအနှစ်များ၏ ဆွဲဆောင်မှုများကြောင့် မြန်မာနိုင်ငံကို နိုင်ငံတကာက ခရီးသွားဧည့်သည်များလည်း လာရောက်လည်ပတ်နေကြ သည်ကို တွေ့မြင်နိုင်ပါကြောင်း သိရပါတယ်။ 

မြန်မာနိုင်ငံ၏ ယဉ်ကျေးမှုအမွေအနှစ်ဒေသများထဲမှ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာစသည့် ပျူရှေးဟောင်း မြို့များကို ၂၀၁၄ ခုနှစ်မှစတင်ပြီး မြန်မာနိုင်ငံ၏ ပထမ ဦးဆုံး ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ခဲ့ပြီး ဖြစ်ပါကြောင်း၊ ယခုအခါ မြန်မာနိုင်ငံသားအားလုံး၏ နှလုံးသားထဲတွင် အထင်ကရရှိသည့် ပုဂံယဉ်ကျေးမှုအမွေ အနှစ်ဒေသကို ၂၀၁၉ ခုနှစ် ဇူလိုင် ၆ ရက်တွင် ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် အောင်မြင်စွာသတ်မှတ်နိုင်ခဲ့ပြီး ဖြစ်သည့်အတွက် နိုင်ငံသူ နိုင်ငံသားများအားလုံး အထူးဂုဏ်ယူဝမ်းမြောက်ကြရပါကြောင်း၊ ထို့ကြောင့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ်များကို ကမ္ဘာကသိရှိခွင့်ရပြီး ကမ္ဘာတွင် မြန်မာ၏ဂုဏ်သိက္ခာ မြင့်တက်လာပါကြောင်း၊ ထို့အတူ မြန်မာနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ် ဒေသများဖြစ်သည့် မြောက်ဦးရှေးဟောင်းဒေသ၊ ရွှေတိဂုံ စေတီတော်နှင့် ပြဒါးလင်းဂူ အစရှိသည့် ရှေးဟောင်း နေရာဒေသများကိုလည်း မြန်မာ့အမွေအနှစ်မှ ကမ္ဘာ့အမွေ အနှစ်အဖြစ် သတ်မှတ်ခံရအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက်ပေးကြရန် တိုက်တွန်းလိုပါကြောင်း သိရပါတယ်။ ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် ဆောင်ရွက်သည့်နေရာတွင် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အအုံများ၊ နေရာများ ကိုသာမကဘဲ ဒေသခံပြည်သူများ၏ လူမှုစီးပွားဘ၀ဖွံ့ဖြိုး တိုးတက်မှုအလားအလာများကိုလည်း ထည့်သွင်းစဉ်းစား ပြီး ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် ယခင်ကရေးဆွဲခဲ့သည့် ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေကိုလည်း ဒေသခံပြည်သူ များ၏ ပူးပေါင်းပါဝင်နိုင်မှု၊ လူမှုစီးပွားဘ၀ဖွံ့ဖြိုးတိုးတက်မှု စသည့် အချက်များကို အလေးထားထည့်သွင်းရေးဆွဲကာ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီ ၂၈ ရက်တွင် ခေတ်ကာလအခြေ အနေနှင့်အညီ အသစ်ပြန်လည် ပြဋ္ဌာန်းနိုင်ခဲ့ပါကြောင်း။ ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်တင်သွင်းနိုင်ရေး ဆောင်ရွက်ရာတွင် ပါဝင်ခဲ့သည့် သက်ဆိုင်ရာဝန်ကြီး ဌာနများ၊ အစိုးရအဖွဲ့အစည်းများ၊ ဆက်စပ်ဌာနဆိုင်ရာများ၊ ပြည်တွင်း၊ ပြည်ပမှပညာရှင်များ၊ ပုဂံဒေသခံပြည်သူများ၊ အသင်းအဖွဲ့များ၊ အနုပညာရှင်များ၊ ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရာတွင် ကြိုးပမ်းအားထုတ် ပူးပေါင်းပါဝင် ပံ့ပိုးကူညီခဲ့ကြသူများအားလုံးကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က " ဒီနေ့ပုဂံယဉ်ကျေးမှုဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင် နေရာတစ်ခုဖြစ်ဖို့အတွက် ကူညီတဲ့သူများအားလုံးကို ကျေးဇူးတင်ခွင့်ရတဲ့အတွက်အင်မတန်မှ ဝမ်းသာပါတယ်။ အမွေအနှစ်ဆိုတာဟာ ကျွန်မတို့ နောင်လာနောက်သားများအတွက် ချန်ခဲ့သင့်တဲ့ အရာတွေလို့ ပြောလို့ရပါတယ်။ ကမ္ဘာ့အမွေအနှစ်ဆိုတော့ တစ်က္ဘာလုံးမှာရှိတဲ့ နောင်မျိုးဆက်တွေအတွက် ချန်ခဲ့ သင့်တဲ့ကိစ္စ၊ ချန်ခဲ့ထိုက်တဲ့ကိစ္စဆိုပြီး ဒီလိုမှတ်ယူလို့ ရပါတယ်။ ကျွန်မတို့နိုင်ငံရဲ့ ယဉ်ကျေးမှုဒေသတစ်ခုဟာ ကမ္ဘာ သူ၊ ကမ္ဘာသားများအားလုံးအတွက် ထိုက်တန်တဲ့ အမွေ အနှစ်ဆိုပြီး သတ်မှတ်ခြင်းခံရတာ ဂုဏ်ယူစရာဆိုတာ အထူးပြောစရာမလိုပါဘူး။ ဒီလိုကမ္ဘာ့အမွေအနှစ်စာရင်း ဝင်သတ်မှတ်လိုက်တဲ့အခါမှာ ကျွန်မတို့နိုင်ငံတစ်ခုတည်း အတွက်သာမဟုတ်ပါဘူး၊ ကမ္ဘာ့လူသားအားလုံးအတွက် ဖြစ်တယ်လို့ပြောလို့ရပါတယ်။ ဒီလိုကမ္ဘာ့အမွေအနှစ် အဖြစ် ရွေးချယ်သတ်မှတ်တဲ့အခါမှာ လူသားများအားလုံး အတွက် တန်ဖိုးရှိတာတွေကို ရွေးတယ်ဆိုတဲ့မူအပေါ်မှာအခြေခံပြီးတော့ ဆောင်ရွက်ကြပါတယ်။ 

ထို့နောက် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသအား က္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခြင်းခံရသည့် အတွက် ပါဝင်ကူညီဆောင်ရွက်ပေးခဲ့ကြသည့် ပြည်ပ ပညာရှင်များနှင့် အဖွဲ့အစည်းများအား ဂုဏ်ပြုမှတ်တမ်း လွှာများကို ပေးအပ်ရာ နိုင်ငံတော်သမ္မတက ထိုင်းနိုင်ငံမှ Ms. Monitora Unakul ၊ အင်္ဂလန်နိုင်ငံမှ Ms. Elizabeth Moore ၊ ဩစတြေးလျနိုင်ငံမှ Ms. Charlotte Galloway ၊UNESCO မှ မြန်မာနိုင်ငံ တာဝန်ခံ Ms. Min Jeong Kim ၊ JICA မှ မြန်မာ နိုင်ငံတာဝန်ခံ Mr. Masayuki Karasawaနှင့် ကမ္ဘာ့ဘဏ်မှ Mr. Gevorg Sargsyan တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြည်ပပညာရှင်များ၊ အလှူရှင်နိုင်ငံများမှ တာဝန်ရှိပုဂ္ဂိုလ် များနှင့် ဝန်ကြီးချုပ်များဖြစ်ကြသည့် ဩစတြေးလျနိုင်ငံမှ Mr. Duncan Marshall၊ ဆွစ်ဇာလန်နိုင်ငံမှ Mr. Kaiweise ၊ အမေရိကန်နိုင်ငံမှ Mr. Richard Engelhardt ၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားသမ္မတနိုင်ငံ သံအမတ်ကြီး၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ယဉ်ကျေးမှုသံမှူး၊ မန္တလေး တိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာ အောင်မိုးညို တို့အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ တာဝန်ရှိသူများနှင့် တက်ရောက် လာကြသူများသည် ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသ အား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင် ရေးအတွက် လုပ်ငန်းဆောင်ရွက်ခဲ့မှု ဗီဒီယိုမှတ်တမ်းကို ကြည့်ရှုကြသည်။ ထို့နောက် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် တာဝန်ရှိသူများသည် ပုဂံ ယဉ်ကျေးမှုအမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ် စာရင်းဝင်အဖြစ် သတ်မှတ်ခဲ့ခြင်းအတွက် ပါဝင်ကူညီ ဆောင်ရွက်ခဲ့ကြသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံ ရိုက်ကြပါတယ်။

source - The Mirror Daily  

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။