သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား ဗုဒ္ဓဘာသာ ကလျာဏယုဝအသင်းချုပ် (YMBA) က မဟာမင်္ဂလဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် ပေးအပ်ချီးမြှင့်ခြင်းနှင့် ဂုဏ်ထူးဆောင် နာယကခန့်အပ်ခြင်း အခမ်းအနားကို ဒီကနေ့ နံနက်(၁၀)နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဝန်ကြီးရုံး (ရန်ကုန်ရုံးခွဲ) ဧည့်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရပါတယ်။ ရှေးဦးစွာ YMBA အသင်းချုပ်ဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုအား YMBA အသင်းချုပ်က မဟာမင်္ဂလ ဓမ္မဇောတိကဓဇဘွဲ့တံဆိပ် ပေးအပ် ချီးမြှင့်ခြင်းနှင့် ဂုဏ်ထူးဆောင်နာယက ခန့်အပ်ခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်း တင်ပြခဲ့ပါတယ်။

ထို့နောက် YMBA အသင်းချုပ်ဥက္ကဋ္ဌ မင်္ဂလဓမ္မဇောတိကဓဇ ဦးရဲထွန်းနှင့် စီမံရေးရာတာဝန်ခံ ဦးစိန်သန်းတို့က ပြည်ထောင်စုဝန်ကြီးအား မဟာမင်္ဂလဓမ္မဇောတိကဓဇဘွဲ့တံဆိပ်နှင့် အသင်းချုပ် ဂုဏ်ထူးဆောင်နာယက ခန့်အပ်ခြင်းဆိုင်ရာ ဘွဲ့လက်မှတ်များအား ပေးအပ်ချီးမြှင့်ကြပါတယ်။ ဆက်လက်၍ YMBA နာယကကြီးများအဖွဲ့မှ အဘိဓမ္မာဆရာကြီး ဦးမြင့်စိုးက ပြည်ထောင်စုဝန်ကြီးအား YMBA အသင်းချုပ်၏ ဂုဏ်ထူးဆောင်နာယကအဖြစ် ခန့်အပ်လွှာနှင့် အဆောင်အယောင်များကို ပေးအပ်ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကြကြောင်း သိရပါတယ်။

ဆက်လက်၍ အသင်းချုပ် ဂုဏ်ထူးဆောင် နာယက သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက YMBA အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲထွန်းအား မဟာမင်္ဂလ ဓမ္မဇောတိကဓဇဘွဲ့တံဆိပ်ကို ပေးအပ်ချီးမြှင့်ခဲ့ပါတယ်။ ထို့နောက် ပြည်ထောင်စုဝန်ကြီး သူရဦးအောင်ကိုက ကျေးဇူးတင်စကားနှင့် သာသနာရေးဆိုင်ရာများကို ရှင်းလင်းပြောကြားခဲ့ပါတယ်။

source - Moi

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။