ပြည်တွင်း တန်ခိုးကြီးစေတီများစွာရှိတဲ့ဒေသတွေထဲမှာ မြန်မာနိုင်ငံစစ်ကိုင်းတိုင်းဒေသကိုတော့ အားလုံးသတိထားမိမယ်ထင်ပါတယ်။ အဆိုပါ စစ်ကိုင်းတိုင်းဒေသကတော့ ရှေးဟောင်းစေတီပုထိုးများစွာတည်ရှိပြီး ရှေးသမိုင်းရာဇဝင်များစွာထွန်းကားခဲ့တဲ့ ဒေသတစ်ခုလည်းဖြစ်ပါတယ်။ ဇူလိုင်လ ၈ ရက်နေ့က အဆိုပါဒေသရှိ စေတီလေးခုကို ဌာပနာတိုက်ဖောက်ထွင်းမှုဖြစ်ပေါ်ခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဖောက်ထွင်းမှုနှင့်ပတ်သက်ပြီး တံခွန်တိုင်ဘုန်းတော်ကြီးကျောင်းဆရာတော် ဉူးဝိလာသဂ္ဂက "စေတီဟောင်းတွေ ဒီထဲမှာအဆူ ၃၀ ကျော်ရှိတယ်။တချို့ဟာတွေဆို မြေပုံတွေဖြစ်နေကုန်ပြီ။ တချို့ဟာတွေက စေတီငုတ်တွေဖြစ်နေပြီး မြေပုံ ပုံစံဖြစ်နေတဲ့ စေတီတွေက ဖောက်လား၊ မဖောက်လား ဆိုတာတော့ မသိရတော့ဘူး။ လက်ရှိ သိသာနေတာက စေတီငုတ်တွေမှာ ဌာပနာတိုက်တွေ ဖောက်ထားတာ သုံး လေးဆူလောက် တွေ့ရတယ်။ ဖောက်တဲ့လူတွေကလည်း ခါတိုင်း ဖောက်နေကျလူတွေ ဖြစ်မယ်ထင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဌာပနာတိုက်ရှိတဲ့နေရာကို ကွက်တိ ဖောက်နေတာ တွေ့ရတယ်။ ဒီစေတီကို မနေ့က သန့်ရှင်းရေးလုပ်တဲ့အခါမှ တွေ့လိုက်ရတာပေါ့။ ဒီထဲမှာ ချုံတွေ ဖြစ်နေတော့ မူးယစ်ဆေးဝါးသုံးစွဲသူတွေလည်း ဒီထဲကို ရောက်ရောက်လာတတ်တယ်။ သူတို့ကို သွားပြောလို့လည်း မဖြစ်ပါဘူး။ ပြောလိုက်ရင် ကိုယ့်အတွက် အန္တရာယ် ဖြစ်လာမယ်ဆိုတာ သိတဲ့အခါကျတော့ ဒီအတိုင်းပဲ ကြည့်နေရတယ်”လို့ မိန့်ကြားခဲ့ပါတယ်။ 

လက်ရှိကျန်ရှိနေသေးတဲ့ စေတီတွေနဲ့ပတ်သက်ပြီး တံခွန်တိုင်ရွာသား ဦးဖဲမောင်ကလည်း"၂၀၁၆ လောက်ကလည်း ကျောက်ဆင်းတု သုံးဆူ ခိုးခံရတယ်။ အခု ကျောင်းရဲ့ထိပ် ကန်ရဲ့ထိပ်မှာ စေတီပေါင်း ၃၀ ကျော်ရှိပါတယ်။ အဲဒါတွေ မကြာခဏ အဖောက်ခံနေရပါတယ်။ စေတီတော်များကို စောင့်ရှောက်ဖို့ အလှမ်းဝေးတဲ့အတွက် လုံခြုံစွာထားမယ်ဆိုရင် ဓာတ်ပေါင်းစုစေတီတည်မှ လုံခြုံမှာပါ။ နိုင်ငံတော် အထောက်အပံ့ ပေးမယ်ဆိုရင် ဖြစ်နိုင်ပါတယ်”လို့ ပြောပြခဲ့ပါတယ်။ အဆိုပါ ရှေးဟောင်းဘုရားဆင်းတုတော်တွေနဲ့အတူ ငွေအလှူခံပုံးတွေလည်း မကြာခနအခိုးခံနေရကြောင်း ဒေသခံတွေဆီက သိရပါတယ်။

Photos - DVB

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။