ပြည်တွင်းမူးယစ်ဆေးဝါးနဲ့ပတ်သက်ပြီး ဖမ်းဆီးမှုနဲ့အတူ ဖျက်ဆီးမှုတွေကတော့ မကြာခဏဆိုသလို ကြားသိနေရတာပဲဖြစ်ပါတယ်။ ကာလတန်ဖိုး ငွေကျပ်သန်းပေါင်း ၆၃,၂၇၂ ရှိ ဖမ်းဆီးရမိတဲ့မူးယစ်ဆေးဝါးတွေကို မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်၊ ရွှေမန်းတောင်အားကစားကွင်းမှာ ဇွန် ၂၆ ရက် မနက် မီးရှို့ဖျက်ဆီးခဲ့ပါတယ်။ မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးအဖွဲ့က ကြီးမှူးပြီး ကျင်းပတဲ့ (၃၂)ကြိမ်မြောက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနဲ့ တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အခမ်းအနားမှ အခုလို မီးရှို့ဖျက်ဆီးခဲ့တာဖြစ်ကြောင်း သိရပါတယ်။ 

အခမ်းအနားကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်နဲ့ အစိုးရအဖွဲ့ ဝန်ကြီးတွေ ဌာနဆိုင်ရာမှ တာဝန်ရှိသူတွေနဲ့ မြို့မိမြို့ဖတွေ တက်ရောက်ခဲ့ပါတယ်။ မန္တလေးတိုင်း ဝန်ကြီးချုပ် ဒေါက်တာ ဇော်မြင့်မောင်က “မြန်မာနိုင်ငံအနေနဲ့ မူးယစ်ဆေးဝါး ထုတ်လုပ်မှုပပျောက်ရေးနှင့် တားဆီးနှိမ်နင်းရေး လုပ်ငန်းတွေကို နိုင်ငံအတွင်းသာမက နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်နေတဲ့အတွက် ပြည်သူ လူထုများမှလည်း အဓိကအခန်းကဏ္ဍမှ ပူးပေါင်းပါဝင်ဆောင်ရွက်ရန် လိုအပ်ပါတယ်၊ မူးယစ်ဆေးဝါးပြဿနာကို ကိုင်တွယ်ဖြေရှင်းရာ၌ ကျန်းမာရေးနှင့် တရားရေးအပိုင်းများတွင် ပိုမိုပူးပေါင်းဆောင်ရွက်ကြရန်နှင့် မူးယစ်ဆေးဝါးပြဿနာသည် လူသားမျိုးနွယ်စုတစ်ရပ်လုံးကို ခြိမ်းခြောက်နေသည့် ပြဿနာတစ်ရပ်ဖြစ်သည်နှင့် အညီ နိုင်ငံသားအားလုံးမှ ကိုယ်စီတာဝန်ရှိစွာ နှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန်” တိုက်တွန်းပြောကြားသွားပါတယ်။ 

ဒီပွဲမှာ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ကချင်ပြည်နယ်နဲ့ ချင်းပြည်နယ်မှာ ဖမ်းဆီးရမိခဲ့တဲ့ မူးယစ်ဆေးဝါးတွေ မီးရှို့ဖျက်ဆီးခဲ့တာပါ။ မီးရှို့ဖျက်ဆီးတဲ့ရာမှာ ဘိန်းဖြူ ၁၈၂ကီလိုခန့်၊ စိတ်ကြွရူးသွပ်ဆေးပြား ၁၉ သန်းခန့်၊ အိုက်စ် ၈ကီလိုခန့်၊ ကက်တမင်းကီလိုဝက်ခန့်နဲ့ ဆူဒိုအက်ဖီဒရင်း ဆေးပြား ၁၀သိန်းကျော်ပါ အပါအဝင် စုစုပေါင်း မူးယစ်ဆေးဝါး ၃၂ မျိုးပါဝင်ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၄၃ သန်းဖို့ လောက်ရှိမယ်လို့ ခန့်မှန်းထားပါတယ်။

photos - DVB 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။