ပြည်တွင်း မကြာခဏကြားနေရတဲ့ သတင်းတွေထဲမှာ မီးလောင်ကျွမ်းမှုကတော့ မရေမတွက်နိုင်အောင်ရှိပါတယ်။ အဆိုပါ မီးလောင်မှုတွေထဲမှာ သဘာဝအလျှောက်မီးလောင်မှုတွေနဲ့အတူ လူတွေရဲ့ ပေါ့လျော့မှုတွေကြောင့်လည်း ဖြစ်ပွားလေ့ရှိတာတွေ့ရပါတယ်။ မင်းဘူးခရိုင်၊ ငဖဲမြို့နယ်၊ ဆင်ချည်တိုင်ကျေးရွာတွင် မနေ့က ညနေ ၃နာရီခန့်က ဆိုလာမီး အပူလွန်ကဲရာမှမီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ 

မီးလောင်ကျွမ်းမှုဖြစ်စဉ်နဲ့ပတ်သက်ပြီး "ဆင်ချည်တိုင်ကျေးရွာနေ ဦးမြင့်စိုး (သ) ၆၄ နှစ်၊ (ဘ)ဦးသိုက် တောင်သူလုပ်ကိုင်သူ၏ နေအိမ်နှင့် တွဲလျက် နွားစာတင်းကုပ်ပေါ်ရှိ ဆိုလာမီးအပူလွန်ကဲရာမှ တစ်ဆင့် မီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ဖြစ်ကြောင်း" ကနဦးသတင်းများအရ သိရပါတယ်။ အဆိုပါ မီးလောင်ကျွမ်းမှုကြောင့် အလျား၂၄ပေx အနံ ၂၄ ပေ ရှိ သက္ကယ်မိုး၊ ထရံကာ နေအိမ်(၁)လုံး၊ အလျား ၂၄ ပေ x အနံ ၂၄ ပေရှိ သွပ်မိုး၊ ပျဉ်ကာ နေအိမ်(၂)လုံး၊ စုစုပေါင်းနေအိမ်(၃)လုံး မီးလောင်ပျက်စီးခဲ့ကြောင်း သိရပါတယ်။ 

မီးလောင်မှု ဖြစ်ပွားရာသို့ မြို့နယ်အုပ်ချူပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဝင်းမောင်၊ မြို့နယ် မီးသတ်ဦးစီးမှူး ဦးနိုင်လင်းဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကျေးရွာပြည်သူများရောက်ရှိပြီး မီးငြိမ်းသတ် ယာဉ် ၂ စီး၊ ရေသယ်ယာဉ် ၁ စီးနှင့် ပူးပေါင်းပြီး ဝိုင်းဝန်းမီးငြှိမ်းသတ်ရာ ညနေ ၄ နာရီ ၁၅ မိနစ်အချိန်တွင် မီးငြှိမ်းသတ် နိုင်ခဲ့ကြောင်း သိရပါတယ်။ ဖြစ်စဉ်နှင့်ပတ်သက်၍ မီးစတင်လောင်ကျွမ်းသည့် နေအိမ်ပိုင်ရှင်ဦးမြင့်စိုး (ဘ)ဦးသိုက် အား ငဖဲမြို့မ ရဲစခန်းတွင် အမှုဖွင့်အရေးယူဆောင်ရွက်လျက်ရှိပြီး မီးဘေးသင့် အိမ်ထောင်စုဝင် (၁၂)ဦးအား နီးစပ်ရာ ဆွေမျိုးသားချင်းများ နေအိမ်တွင် ယာယီထားရှိ၍ ကျေးရွာအုပ်ချူပ်ရေးအဖွဲ့များက လိုအပ်သည်များ ကူညီ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရပါတယ်။

source - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။