ရိုးရာအမွေအနှစ်တွေထဲမှာ အဖိုးတန်ပညာများစွာပါဝင်နေပြီး အရှေ့တောင်အာရှသာမက ကမ္ဘာ့နိုင်ငံအနှံ့အပြားမှာပါ စိတ်ဝင်တစားလေ့လာလျှက်ရှိတာတွေ့ရပါတယ်။ အဆိုပါ ရိုးရာအမွေအနှစ်တွေထဲမှာ ဆင်အကကတော့ ပြည်တွင်းပြည်ပလူကြိုက်များ ဖျော်ဖြေမှုတစ်ခုလည်းဖြစ်ပါတယ်။ ရွှေတံဆိပ်ဆုတွေနဲ့အတူ ပြည်ပနိုင်ငံတွေမှာ သွားရောက်ဖျော်ဖြေလေ့ရှိပြီး လူသိများဖျော်ဖြေမှုတစ်ခုလည်းဖြစ်လာပါတယ်။ ကလေးစာပေပွဲတော်(တာချီလိတ်)တွင် ကျောက်ဆည် ဉာဏ်လင်းထက်၏ အဆင့်မြင့် ဆင်အက အဖွဲ့သည် ကပြဖျော်ဖြေရန် မနေ့က ရောက်ရှိခဲ့ကြောင်း သိရပါတယ်။  

အဆိုပါ ဆင်အကအဖွဲ့ကို မော်ဒယ်ဆင်မင်းသား ဉာဏ်လင်းထက်က ဦးဆောင်ပြီး ဆင်အက ပြိုင်ပွဲများ၌ ပထမဆု သုံးကြိမ်ရရှိခဲ့ကြောင်း သိရပါတယ်။ ၎င်း၏ ဖခင်ဆင်မင်းသားကြီး ဆရာဇော်ဂျီမောင်သည် ပထမဆု ခြောက်ကြိမ်အထိရရှိခဲ့သူတစ်ယောက်လည်းဖြစ်ပါတယ်။ ဉာဏ်လင်းထက်၏ ဖျော်ဖြေရေးဆင်အရုပ်သည် ခန္ဓာကိုယ်လုံးပတ်အဝိုင်း ရှစ်ပေခွဲ၊ လည်ပင်း အရစ် ခြောက်ပေခွဲ၊ ဦးခေါင်းအမြင့် တစ်ပေရှစ်လက်မနှင့် ကိုယ်လုံးအရှည် ငါးပေ လေးလက်မ ရှိကြောင်း သိရပြီး ပွဲတော်ရက်များ၌ ဂီတမှူးပေါသျှံ၊ သျှန်ထွန်း (မြန်မာစာ)၊ ဆိုင်းမင်းသားလေး ဇော်သူဟိန်း၊ မဲနော(မန္တလေး)နှင့် မန်းပန်တျာစံဖဲ (ပြင်ဦးလွင်) တို့၏ တေးသီချင်းများဖြင့် သရုပ်ဖော် ကပြဖျော်ဖြေသွားမှာဖြစ်ပါတယ်။ 

၎င်းအဖွဲ့သည် ဒေသတွင်းဆင်အက ပြိုင်ပွဲများ၌ ပထမရွှေတံဆိပ်ဆု သုံးကြိမ်ရရှိခဲ့ပြီး ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလက ဆရာတော် ဦးဇောတိက၏ ဖိတ်ကြားချက်အရ ထိုင်းနိုင်ငံသို့ သွားရောက် ဖျော်ဖြေတင်ဆက်ခဲ့ရကြောင်းသိရပါတယ်။ အဆိုပါ ဆင်အကအဖွဲ့သည် မော်လမြိုင်၊ မုံရွာ၊ ရန်ကုန်၊ စစ်ကိုင်း၊ စစ်တွေ၊ မြစ်ကြီးနား နှင့် ပဲခူးမြို့တို့တွင် ကျင်းပခဲ့သော ကလေးစာပေပွဲတော်များ၌ ကပြဖျော်ဖြေခဲ့ပြီး ယခုလ ၂၅၊ ၂၆ ရက်တွင် တာချီလိတ်ကလေးစာပေပွဲတော်၌ ကပြဖျော်ဖြေမည် ဖြစ်ကာ မည်သူမဆို လာရောက်ကြည့်ရှုနိုင်ကြောင်း သိရပါတယ်။

SOURCE - MOI 

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။