မိန်းကလေးတိုင်းက အပျိုဖော် ဝင်ပြီးနောက်ပိုင်း သွေးမဆုံးခင် အချိန်အထိ တစ်လတစ်ခါ ဓမ္မတာ လာကြပါတယ်။ ဒီလို အချိန်မှာ အမျိုးသမီး လစဉ်သုံး ပစ္စည်းလေးတွေကို ရွေးချယ် အသုံးပြုလေ့ ရှိကြပါတယ်။ အမျိုးသမီး လစဉ်သုံး ဂွမ်းကပ် လေးကိုတော့ pad လို့ ခေါ်ပြီး ဂွမ်းခြောက် အတောင့်လေးကိုတော့ Tampon လို့ ခေါ်ပါတယ်။ အမျိုးသမီးအများစုက ဓမ္မတာ လာတဲ့အခါမှာ pad ကို အသုံးပြုလေ့ ရှိကြပေမယ့် ရေကူးရမယ့် အချိန်တွေ အားကစားလုပ်ရမယ့် အချိန်တွေ၊ အရေးတကြီး ပွဲတက်ရမယ့် အချိန်တွေနဲ့ ခရီးသွားတဲ့ အချိန်တွေမျိုးမှာ pad အသုံးပြုခြင်းက အဆင်မပြေ ဖြစ်တာမျိုးတွေကို ရင်ဆိုင်ရပါတယ်။

အထူးသဖြင့် ရေကူးကန်ထဲ ဆင်းမယ့် အချိန်မျိုးမှာတော့ လုံး၀ pad ကို အသုံးမပြုသင့်ပါဘူး။ Tampon ဆိုတာမျိုးက မိန်းမကိုယ်ထဲ ထည့်ထားတဲ့ အရာမို့ ရေစိုမှာ၊ ပေါက်သွားမှာ၊ ဖောင်းနေမှာ၊ ပတ်ဝန်းကျင်က သတိထားမိမှာ စတာတွေကို မဖြစ်ပေါ်စေနိုင်တာမို့ စိတ်ချ လက်ချ အသုံးပြုနိုင်ပါတယ်။ ချည်သား နဲ့ လုပ်ထားတဲ့ အတွက် ပူလောင်တာမျိုး မရှိပါဘူး။ Tampon သုံးတဲ့အခါ လုံးဝကို မဖြစ်မနေ လိုက်နာသင့်တဲ့ အချက်ကတော့ ၃ နာရီကနေ ၄ နာရီ အတွင်းပဲ ထားပြီး အသစ်တစ်ခု ပြန်လဲ သင့်ပါတယ်။ ကြာကြာထားရင် Toxic shock syndrome ခေါ်တဲ့ သွေးဆိပ်သင့်တာ ဖြစ်တတ်ပြီး အသက်အန္တရာယ် ရှိပါတယ်။ Tampon အရွယ်အစားက လက်သန်းလောက်လေးပဲ ရှိတာမို့ သယ်ဆောင်ရတာလည်း လွယ်ကူပါတယ်။


Tampon ကို ဘယ်မှာ ဝယ်ရမလဲ

Tampon ဝယ်ရတာ အလွယ်ကူဆုံး နေရာကတော့ City Mart တိုင်းမှာ ရှိတယ်လို့ပဲ ပြောချင်ပါတယ်။ အခြား convenience store တွေနဲ့ mini mart လေးတွေမှာလည်း ရှိနိုင်ပါတယ်။ ဈေးနှုန်းအားဖြင့်တော့ tampon ၈ ခုပါတဲ့ ဗူး တစ်ဗူးကို ၂ ထောင် နဲ့ ၃ ထောင် ဝန်းကျင် ရှိပါတယ်။ (တံဆိပ်ပေါ်လည်း မူတည်ပါတယ်။ ဒါက ခန့်မှန်းခြေ ဈေးနှုန်းပါ)။ Tampon က ဆိုဒ် ၅ ဆိုဒ် လာပါတယ်။ ရာသီသွေးပေါ်မူတည်ပြီး နည်းရင် နည်းသလို သုံးပေးနိုင်ပါတယ်။


Tampon ကို ဘယ်လို အသုံးပြုရမလဲ

Tampon မသုံးခင် ပထမဆုံး လုပ်သင့်တာကတော့ လက်ကို သေသေချာချာ ဆေးကြောသင့်ပါတယ် ။ ပြီးတော့မှ မတ်တပ် အနေအထား (သို့မဟုတ်) ဘိုထိုင်အိမ်သာတွင့် ထိုင်နေသော အနေအထားမျိုးမှာ Tampon ကို ထည့်သင့်ပါတယ်။ Tampon အတံလေးကို မိန်းမကိုယ်ထဲ ထည့်ပြီး ကြိုးစလေးကို အပြင်မှာ ထားပြီး ၃နာရီ သို့မဟုတ် ၄ နာရီခြား တစ်ခါလဲပေးရပါမယ်။ (Tampon ထုပ်မှာ ပါတဲ့ လမ်းညွှန်ချက်ကိုလည်း တိကျသေချာစွာ လိုက်နာနိုင်ပါတယ်။ YouTube မှာလည်း အသုံးပြုနည်း အသေးစိတ်ကို ကြည့်ရှု လေ့လာနိုင်ပါတယ်။ )

Tampon ကို အသုံးပြုတဲ့အခါ ဘာ အခက်အခဲတွေ ရှိနိုင်လဲ

စပြီး အသုံးပြုခြင်းမှာတော့ နာတာမျိုး ဖြစ်နိုင်ပါတယ်။ Tampon ထည့်ပြီးပြီးချင်း သက်တောင့် သက်သာ ဖြစ်အောင် နေဖို့ အရေးကြီးပါတယ်။ ဒါပေမယ့် မိန်းမကိုယ် ကျယ်သွားမှာ၊ မိန်းမကိုယ် ထိခိုက်ပျက်စီးသွားမှာ၊ အပျိုဂုဏ် ပျက်သွားမှာကို မစိုးရိမ်ရပါဘူး။ အသုံးပြုတာ ကြာလာတာနဲ့ အမျှ အမျိုးသမီး လစဉ်သုံး ဂွမ်းထုပ်ထက် ပို အဆင်ပြေပြီး အသုံးပြုရ လွယ်ကူကြောင်း သိလာပါလိမ့်မယ်။

အားလုံးပဲ သာယာပျော်ရွှင်သော နေ့ရက်လေးကို ပိုင်ဆိုင်နိုင်ကြပါစေရှင်။

သတင်းအရင်းအမြစ် - Google (How to use tampon)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။