ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် လမ်း ၄၀ အထက်ဘလောက်ရှိ အင်းဝ အပ်ချုပ်ဆိုင်၌ အိမ်အကူ အလုပ်လုပ်ကိုင် နေသော အသက် မပြည့်သေးသည့် မိန်းကလေးငယ် ၂ဦးကို ပိုင်ရှင်မိသားစုဝင်များက ကိုယ်လက် အင်္ဂါ ချို့ယွင်းသည် အထိ ညှဉ်းပန်းနှိပ်စက်မှု ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်များက ပြောပြသည်။

အဆိုပါ မိန်းကလေးငယ် ၂ ဦးမှာ ရန်ကုန်တိုင်း ကော့မှူးမြို့နယ်အတွင်းရှိ ရှာဘွား ကျေးရွာအုပ်စု ဖျံရွာချောင်ကျေးရွာမှ မသဇင် အသက် ၁၆ နှစ် နှင့် မစန်းကေခိုင် အသက် ၁၇ နှစ်တို့ဖြစ်သည်။

အင်းဝ အပ်ချုပ်ဆိုင်၌ ၂၀၁၁ ခုနှစ်ကစတင်၍ အလုပ်ဝင်ရောက်ခဲ့ပြီး အလုပ်စတင် ဝင်ရောက်စဉ်က သူတို့ ၂ဦးသည် အသက် ၁၁ နှစ်နှင့် ၁၂ နှစ်အရွယ်ဖြစ်ကြောင်း သိရသည်။

မစန်းကေခိုင် က သူ၏ လက်ချောင်း ၁၀ ချောင်းလုံးနှင့် ညာဘက် လက်မောင်းတို့မှာ ရိုက်ချိုးခံထားရပြီး လက်ချောင်းများ ကောက်ကွေးနေကာ ကိုယ်လက် အင်္ဂါချို့ယွင်းနေသည့်ပုံစံ ဖြစ်နေခြင်းအား ပြသသည်ကို မြင်တွေ့ခဲ့ရသည်။

မစန်းကေခိုင်က “သူ့တူမလေးနဲ့ စကားပြိုင်ပြောလို့ ဆိုပြီး လက်၂ ချောင်းကို အရင်ချိုးတယ်။ သူ့အမေကို ပြန်ပြောတယ် ဆိုပြီးလည်း ၁၀ ချောင်းလုံးကို ချိုးလိုက်တယ်။ လက်မောင်းကလည်း သူ့အစ်မကို နှိပ်ပေးတာ သေချာ မလုပ်ပေးလို့ ဆိုပြီး နောက်ကို လှန်ပြီး ချိုးလိုက်တာ”ဟု ပြောသည်။

ထို့အပြင် ခန္ဓာကိုယ်အနှံ့ ဓားဖြင့် မွှမ်းခံရသည့် ဒဏ်ရာ၊ ကတ်ကြေးဖြင့် ထိုးထားသည့် ဒဏ်ရာ အမာရွတ်များ ၊ မီးဖြင့် တို့ ထား သည့် ဒဏ်ရာများကိုလည်း မစန်းကေခိုင် က ပြသည်။

“ကလေးနဲ့ စိတ်ကျေနပ်အောင် မဆော့ပေးလို့ ဆိုပြီး ကတ်ကြေးနဲ့ ထိုးတယ်။ လည်ပင်းကိုလည်း ထိုးတယ်။ ကျောကုန်း ကို လည်း ထိုးတယ်။ လက်မောင်းတွေကို လည်းထိုးတယ်”ဟု သူက ပြောပြသည်။

အသက် ၁၆ နှစ်အရွယ် မသဇင် ကလည်း သူ၏ ခန္ဓာကိုယ်ရှိ နှိပ်စက်ခံထားရသော မီးလောင် ဒဏ်ရာများကို ပြသည်။

၎င်းတို့ အနေဖြင့် မိဘအိမ် ပြန်လျှင် စိန်ရွှေ ရတနာ များကို ခိုးယူသည်ဟု စွပ်စွဲ အရေးယူမည် ဖြစ်ကြောင်း ပိုင်ရှင်များက ခြိမ်းခြောက်မှု ပြုလုပ်သည်ဟုလည်း ကာယကံရှင် မိန်းကလေးငယ် ၂ ဦးက ပြောသည်။

အနှိပ်စက်ခံရသည့် အဆိုပါ မိန်းကလေးငယ် ၂ ဦး၏ မိခင်ဖြစ်သူ ဒေါ်ညိုညိုဝင်းကလည်း ၎င်း၏ သမီး ၂ ဦးသည် လုပ်ခ လစာ တလလျှင် ကျပ် တသောင်းခွဲ ဖြင့် အင်းဝ အပ်ချုပ်ဆိုင်တွင် အလုပ်လုပ်ကိုင်ရခြင်းဖြစ်သည်ဟု ပြောပြသည်။

“လွန်ခဲ့တဲ့ ၂ နှစ်က ကျမ လတိုင်း သွားတွေ့တယ်။ ဒါပေမယ့် သမီးတွေနဲ့ တွေ့ခွင့်မပေးဘူး။ လာတိုင်း ဟိုသွားတယ်၊ ဒီ သွားတယ်ပဲ ပြောပြီး လခပဲ ပြန်ပေးလိုက်တယ်။ တခါ ဒလ ရဲတွေနဲ့ လိုက်သွားတော့ ရဲတွေကို သူတို့က အကျီ လက် ဆောင် ပေး ဘာပေးနဲ့ဆိုတော့ အဲ့ဒီတခေါက်လည်း မတွေ့ခဲ့ရဘူး”ဟုလည်း ဒေါ်ညိုညိုဝင်းက ပြောသည်။

အဆိုပါ အိမ်တွင်း အကြမ်းဖက်သည့်ဖြစ်စဉ် ပြင်ပ ပေါက်ကြားသွားသည်မှာ အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင်၏ မိသားစုဝင် တဦးက ထိုသို့အကြမ်းဖက်မှု ပြုလုပ်နေသည်ကို မခံရပ်နိုင်တော့သဖြင့် အမည်မဖော်ဘဲ Myanmar Now သတင်းဌာန သတင်းထောက် ကိုဆွေဝင်းကို ဖုန်းဆက် အကြောင်းကြားခဲ့ရာမှ စတင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထိုကိစ္စကို သိလျှင်သိချင်း ရဲစခန်းကို တိုင်ကြားရာ ရဲ က ကယ်တင်ခဲ့ခြင်း မရှိသဖြင့် ၃လခန့် ကြာမြင့်သွားကြောင်း၊ မြန်မာ နိုင်ငံ လူ့အခွင့်အရေး ကော်မရှင်ရုံးကို ထပ်မံ တိုင်ကြားရာ၊ ထိုကော်မရှင်ရုံး မှတဆင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို တိုင်ကြားရာမှ အဆိုပါ မိန်းကလေးငယ် ၂ ဦးကို အိမ်အတွင်းမှ ကယ်တင်နိုင်ခဲ့သည်ဟု ကိုဆွေဝင်းက ဧရာဝတီကို ပြောသည်။

ထိုကိစ္စပတ်သက်၍ ကော်မရှင်က စစ်ဆေးပြီး ကျူးလွန်သူ ကာယကံရှင် မိသားစုနှင့် နှိပ်စက်ခံရသည့် အမျိုးသမီးငယ် ၂ ဦး၏ မိသားစုတို့ကို အမှုပြုလုပ်ခြင်းမရှိဘဲ တိုက်ရိုက်ညှိနှိုင်းရန် တိုက်တွန်းခဲ့သည်ဟုလည်း ကိုဆွေဝင်းက ပြောဆိုသည်။

ရန်ကုန်တိုင်း ရဲတပ်ဖွဲ့က ထိုဖြစ်စဉ်ကိုစစ်ဆေးပြီး ဥပဒေကြောင်းအရ အရေးယူသင့်ကြောင်း ကော်မရှင်ကို အကြံပြု ခဲ့သော် လည်း ကော်မရှင်က တိုက်ရိုက် ညှိနှိုင်းကြရန် ပြောဆိုခဲ့သဖြင့် အင်းဝ အကျီချုပ်ဆိုင် မိသားစုဝင်များက မစန်းကေခိုင်ကို ကျပ် သိန်း ၄၀ ၊ မသဇင်ကို ကျပ် ၁၀ သိန်း လျော်ကြေး အနေဖြင့် ပေးလိုက်သည်ဟု ကိုဆွေဝင်းက ပြောပြသည်။

“ကျနော့်ကိုလည်း သတင်းမရေးပါနဲ့ဆိုပြီး လာညှိနှိုင်းတယ်။ ကျနော်ကတော့ သတင်းမရေးပါနဲ့လို့ ဘယ်သူမှ ပြောဆိုခွင့် မရှိဘူး။ ကလေးတွေနဲ့ သွားတွေ့မယ်။ ဘယ်လောက်အထိ ဥပဒေလမ်းကြောင်းအရ လုပ်မလုပ် လေ့လာ ဆန််းစစ်မယ်လို့ ပဲ ပြောလိုက်ပါတယ်”ဟုလည်း ကိုဆွေဝင်းက ဆိုသည်။

ကျောက်တံတား မြို့နယ် ရဲစခန်းမှူး ဦးသန်းအေး ကလည်း ၎င်းတို့ အင်းဝ အပ်ချုပ်ဆိုင်သို့ လိုက်သွားစဉ် အနီး ပတ်ဝန်း ကျင် အိမ်များက ယင်းမိန်းကလေးငယ် ၂ ဦးကို အပြီးခေါ်သွားရန်၊ မထားခဲ့ရန် နှင့် နေ့စဉ် နှိပ်စက်နေသည်ကို မြင်ရ ကြားရကြောင်း ပြောဆိုကြသည်ဟု ပြောပြသည်။

“ကလေးက ဘဝတလျှောက်လုံး ရေပုံးလည်း မလို့ မရ၊ ဘဝဆုံးလုနီးနီး ဖြစ်နေတာကို သင့်သလိုုလေး ပေးရင် ကျေနပ်ကြ တဲ့ သဘော ဖြစ်ပေမယ့် ဥပဒေအရ တွေးကြည့်ရင် ဒီလိုတွေ ပေးတိုင်းရရင်လည်း အဆင်မပြေပြန်ဘူး။ ဥပဒေ အတိုင်း သွားမယ်။ နောက်လူတွေလည်း ဒီလိုမဖြစ်အောင်ပေါ့”ဟုလည်း ဦးသန်းအေး က ပြောသည်။

အဆိုပါ အိမ်အကူ အမျိုးသမီးငယ် ၂ဦး နှိပ်စက်ခံရခြင်းနှင့်ပတ်သက်၍ တိုင်ကြားခဲ့သူ ကိုဆွေဝင်းနှင့် ရဲမှူး ဦးသန်းအေး တို့ ၂ ဦးလုံးက ထိုကဲ့သို့သော အမှုသည် ဥပဒေကြောင်းအရ အရေးယူ ဆောင်ရွက်သင့်သည်ဟု ဆိုကြသည်။

သို့သော် မိဘများကမူ ၎င်းတို့သည် ဥပဒေဆိုင်ရာ ကိစ္စရပ်များကို နားမလည်သဖြင့် လက်ရှိတွင် အင်းဝ အပ်ချုပ်ဆိုင် ပိုင်ရှင် က ပေးသည့် လျော်ကြေးကိုယူပြီး ကျေအေးထားသည်ဟု သိရသည်။

ဥပဒေဆိုင်ရာ အကြံပေးတဦး ဖြစ်သူ ဦးခင်မောင်မြင့်ကမူ“ဒီအမှှုမှာ တခုမှ ကြေးအေးပေးလို့မရဘူး၊ အာမခံတောင် ပေးလို့ မရဘူး။ ပြစ်မှှု ၃၇၀ ၊ ၃၇၁ အရ အာမခံ ပေးခွင့်မရှိ ကြေအေးခွင့် မရှိ။ နောက်ပြီး ၃၂၅၊ ၃၂၆ အရလည်း အပြင်းအထန် နာ ကျင်စေမှှု အရလည်း ကြေအေးခွင့်မရှိ၊ အာမခံပေးခွင့် မရှိ။ ဒါ ခရိုင်တရားရုံး အဆင့်နဲ့ဖြေရှင်းရမှာ။ အခု ကော်မရှင် ဘက် က ရော၊ ရဲဘက်ကရော လုပ်တာ တော်တော် လုပ်ထုံးလုပ်နည်း လွဲသွားပြီ”ဟု သုံးသပ်ကြောင်း Myanmar Now ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Credit: Irrawaddy Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။