နယူးယောက်မြို့ Manhattan က လူစည်ကားရာ အရပ်မှာ စနေနေ့ညက လူပေါင်း ၂၉ ယောက်ကို ဒဏ်ရာရစေတဲ့ ဗုံးဖေါက်ခွဲမှု လုပ်ဆောင်ခဲ့တယ်ဆိုတဲ့ ဝန်ခံပြောကြားမှု တခုကို FBI ထောက်လှန်းရေးဌာနက စုံစမ်းစစ်ဆေးနေပါတယ်။

ဗဟိုအစိုးရနဲ့ နယူးယောက်ပြည်နယ်အစိုးရ တာဝန်ရှိသူတွေက အသေးစိတ် အချက်အလက် တွေကိုတော့ ထုတ်မပြောကြပါဘူး။ ဒါပေမယ့် ဗုံးဖေါက်ခွဲခဲ့တယ်လို့ ပြောသူက Tumblr လူမှုကွန်ယက်ထဲမှာ “နယူးယောက်ကို ဗုံးခွဲသူက ငါပဲ” ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး သူ့ရဲ့ ကြေညာချက်ကို ရေးသားခဲ့တယ်လို့ နယူးယောက်မီဒီယာက ပြောပါတယ်။

သူ့လို လိင်တူချစ်သူတွေနဲ့ ကျန်တဲ့ တခြား LGBTQ အသိုင်းအဝိုင်းတွေကို အထင်သေးတဲ့ လူမှုအသိုင်းအဝိုင်းရှိတဲ့ ကမ္ဘာကြီးထဲ ငါမနေနိုင်တော့ဘူးလို့ လည်း ရေးသားထားပါတယ်။

နာမည်ကို ဖေါ်ပြမထားပဲ ဗုံးခွဲသူလို့ သူ့့ကိုယ်သူ ပြောတဲ့ သူက ဒီနိုင်ငံမှာ မိန်းမတွေ၊ နိုင်ငံခြားသားတွေ၊ အစ္စလန်ဘာသာဝင်တွေကို မုန်းတီးတဲ့ ခွဲခြားဆက်ဆံမှု ရှိတဲ့ ရီပါတ်ဘလစ်ကင်ပါတီ သမ္မတလောင်း၊ သမ္မတနေရာ ဝင်အရွေးခံမှာကို ရပါတယ်လို့ ပြောနေတဲ့ သူတွေ ရှိနေတာ ကိုလည်း အပစ်တင်ထားပါတယ်။

သူကပဲ နောက်ထပ် တိုက်ခိုက်မှုတွေ ထပ်လုပ်မယ်လို့ ခြိမ်းခြောက် လိုက်ပြီး စနေနေ့ ဖေါက်ခွဲမှုဟာ အစပဲ ရှိသေးသလို သူ့ရဲ့ ပစ်မှတ်တွေကို ဖယ်ရှားသုတ်သင်မယ် လို့လည်း ကတိပေးထားပါတယ်။

Tumble ကတော့ ဒီရေးသားချက် ထွက်လာ ချိန်ကတည်းက ဒါကို ဖြုတ်ပစ်ခဲ့သလို ဘာမှတ်ချက်မှ မပေးပါဘူး။

နယူးယောက်ပြည်နယ် အုပ်ချုပ်ရေးမှုး Andrew Cuomo ကတော့ ဒီဖေါက်ခွဲမှုဟာ အကြမ်းဖက် လုပ်ရပ် တခုဖြစ်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အကြမ်းဖက်မှုအဖြစ် သက်သေအထောက်အထား တစုံတရာတော့ မတွေ့ရဘူးလို့ ပြောပါတယ်။ နယူးယောက် မြို့တော်ဝန် Bill de Blasio ကလည်း ဒါဟာ ဗုံး ပေါက်ကွဲမှုတခုလို့ ပြောပေမယ့် အကြမ်းဖက်မှုနဲ့ ဆက်နွယ်မှု ရှိမရှိတော့ မပြောပါဘူး။

နယူးယောက်မှာ ကုလသမဂ္ဂ အထွေထွေ ညီလာခံကြီး ကျင်းပမှာမို့ ကမ္ဘာ့ခေါင်းဆောင် ရာနဲ့ ချီပြီး ရောက်ရှိနေချိန်မှာ အခုလို Manhattan က Chelsea အရပ်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွါးခဲ့တာဖြစ်ပြီး လုံခြုံရေးတွေတော့ တင်းတင်းကြပ်ကြပ် ချထားပါတယ်။

ဗွီအိုအေ (မြန်မာပိုင်း)

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။