ဘန်ကောက်မှ မန္တလေးသို့ကို သွားကြည့်ချင်ကြတဲ့ ပရိသတ်တွေအတွက်ဒီသတင်းလေးဖတ်ပြီးမှကြည့်ကြပါလို့ပြောချင်ပါတယ်။ ကြည့်ရှု့တဲ့သူတစ်ဦးမှရေးထားတာဖြစ်တဲ့အတွက်ကောင်းလားမကောင်းလား၊ တန်လားမတန်လားဆိုတာ ဒီဟာကိုဖတ်ထားရင်တော့သေချာခွဲခြားနိုင်ပါလိမ့်မယ်။

#From_Bangkok_to_Mandalay (သို့မဟုတ်)

ခပ်ညံ့ညံ့ ထိုင်းအချစ်ဇာတ်ကားတစ်ကား

==============================

(Spoiler Alert!!!)

စိတ်ဝင်စားမိတဲ့ ရုပ်ရှင်တစ်ကားအနေနဲ့ သွားကြည့်ဖြစ်ခဲ့ပါတယ်။

ထူးထူးခြားခြားမဟုတ်ရင်တောင် အသင့်အတင့် ကောင်းနိုင်လောက်တယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ပါ။

မကြိုက်တာလေးတွေ ခဏဖယ်ပြီး ကောင်းတာလေးတွေ အရင်ပြောဖို့ စဉ်းစားမိပေမဲ့ အဓိက သရုပ်ဆောင် ၄ ယောက် မှာ ၃ ယောက် ဖြစ်တဲ့ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည်၊ မြန်မာပြည်တွင်းအခန်းများအတွက် အသုံးပြုခဲ့တဲ့ အောင်ပြည့်စုံ (Lighting) အဖွဲ့နဲ့ မြန်မာစကားပြန်အချို့ကလွဲလို့ ထိုင်း ဇာတ်လမ်း၊ ဇာတ်ညွှန်း၊ ဒါရိုက်တာများရိုက်ကူးခဲ့တဲ့ ထိုင်းဇာတ်ကားတစ်ကားအနေနဲ့ဆိုရင် ပြောပလောက်အောင် ထူးထူးခြားခြားကောင်းတဲ့ ကောင်းကွက်တစ်ခုမှ မရှိပါဘူး။

နောက်ခံတေးဂီတနဲ့ ရုပ်ရှင်နမူနာ (Official Trailer) ကတော့ အသင့်အတင့်ကောင်းတယ်လို့ ကျွန်တော်ယူဆပါတယ်။

ကင်မရာပိုင်းဆိုင်ရာနဲ့ အသံပိုင်းဆိုင်ရာတွေအနေနဲ့ သာမန်ထိုင်းကားတစ်ကား ကောင်းသလောက်တော့ ကောင်းထားပါတယ်။ အရမ်းအနုပညာဆန်ပြီး ထူးထူးခြားခြားကောင်းမွန်နေတာမျိုးတော့ မဟုတ်ပါဘူး။

ဒီဇာတ်ကားကို ထိုင်းဒါရိုက်တာ Chartchai Ketknust က ရိုက်ကူးထားပါတယ်။ 2010 တုန်းက Tai Hong ဆိုတဲ့ ထိုင်းသရဲကားတစ်ကားကို ရိုက်ကူးဖန်တီးခဲ့တဲ့ ဒါရိုက်တာ ၅ ယောက်ထဲက တစ်ယောက်ပါ။ ဇာတ်လမ်း နဲ့ ဇာတ်ညွှန်းကိုတော့ ထိုင်းစာနဲ့ပဲ စာတန်းထိုးထားတဲ့အတွက် သူကိုယ်တိုင်ရေးသလား ဘယ်သူရေးလဲ မသိရပါဘူး။

ဇာတ်လမ်း

========

သာမာန်ပါပဲ။

အဖိုး၊ အဖွား၊ အဖေ၊ အမေ စသဖြင့် တစ်ယောက်ယောက်ဆုံးပါးသွားတဲ့ အခါ သူရဲ့ အရိုးပြာလေးတွေကို သူ့ဇာတိကို ပြန်သယ်သွားပေးဖို့နဲ့ မှာခဲ့တာလေးတွေလိုက်လုပ်ဖို့ ကျန်ရစ်သူ မြေးမလေးကို မှာထားခဲ့တာပါ။ ရှေ့မှာ ဒီလိုဇာတ်လမ်းမျိုးတွေ အများကြီးရှိခဲ့ပြီးပါပြီ။ အနီးစပ်ဆုံးဥပမာအနေနဲ့ ၂၀၀၄ ခုနစ်မှာထုတ်လုပ်ခဲ့ပြီး Shah Rukh Khan ပါဝင်သရုပ်ဆောင်ထားတဲ့ Veer - Zaara ဆိုတဲ့ အိန္ဒိယရုပ်ရှင်ကားလိုမျိုးပါ။ အိန္ဒိယသူအဖွားက ပါကစ္စတန်​မှာအိမ်ထောင်ကျပြီး ပါကစ္စတန်​မှာပဲ တစ်သက်လုံး နေခဲ့ရပါတယ်။ သူဆုံးသွားတဲ့အခါ သူ့ရဲ့မြေးမလေးက အဖွားရဲ့ဇာတိဖြစ်တဲ့ အိန္ဒိယမှာ သူ့အရိုးပြာ သွားမျှောတာကို အိန္ဒိယနိုင်ငံသားကောင်လေးတစ်ယောက်က လိုက်ကူညီတာပါ။

ဇာတ်လမ်းကျောရိုးတူတယ်ဆိုတာ ဖြစ်နိုင်ပါတယ်။ ကူးထားတယ်လို့ ကျွန်တော်မဆိုလိုပါဘူး။ ရှိခဲ့ဖူးတဲ့ ဇာတ်လမ်းမျိုးတွေထဲက တစ်ခုပါပဲလို့ပြောတာပါ။

ဇာတ်ညွှန်း

=======

အရမ်းညံ့ပါတယ်။ တော်တော်ညံ့ပါတယ်။

သာမာန်ဇာတ်လမ်းကျောရိုးဆိုရင်တောင် ဇာတ်ညွှန်းရဲ့ အရည်အချင်းပေါ်မူတည်ပြီး ရုပ်ရှင်တစ်ကားကောင်းမကောင်း ပြောင်းလဲပစ်လိုက်နိုင်ပါတယ်။ အခုဇာတ်ညွှန်းကတော့ တော်တော်ညံ့တယ်လို့ ကျွန်တော်ယူဆပါတယ်။

ပညာသားမပါလွန်းလှတဲ့ သာမာန် ဇာတ်ကွက်တွေကိုသာ ရေးဖွဲ့နိုင်ခဲ့ပါတယ်။

ဇာတ်လမ်းအစမှာ မင်းသမီး (ပင်) ရဲ့ ရည်းစား ခရီးထွက်ခါနီး ကားဖြည်းဖြည်းမောင်းဖို့ ထပ်တလဲလဲမှာနေကတည်းက နောက်တစ်ခန်းဘာဖြစ်မလဲ လူတိုင်းသိပါတယ်။ တစ်ခန်းလောက်တောင်မခြားဘဲ ဒီတစ်ခန်း

(ညဘက်) မှာ ဖြည်းဖြည်းမောင်းခိုင်းပြီး နောက်တစ်ခန်း (နောက်နေ့မနက်) မှာ ဖုန်းဝင်လာပါတယ်။ ထင်တဲ့အတိုင်းပါပဲ။

နောက်ထပ် အခန်းအနည်းငယ်အတွင်း အဖွားဆုံးပါတယ်။ ထိုင်းမလေးကို မြန်မာပြည်လွှတ်ဖို့ လွယ်လွယ်ကူကူပဲ သူ့ပတ်ဝန်းကျင်က အရင်းနှီးဆုံးလူတွေကို သတ်လိုက်ပါတယ်။ ကျွန်တော့်အမြင်အရ သူ့ကောင်လေးကိုသာ မသတ်ခဲ့ရင် ဇာတ်ရဲ့တစ်နေရာရာမှာ ဇာတ်လမ်းကို ကစားနိုင်ဖို့ ပြန်အသုံးဝင်နိုင်ပါလိမ့်မယ်။ အခုက ရှိသမျှ သံယောဇဉ်​ အကုန်ဖြတ် မြန်မာပြည်သွား၊ မြန်မာကောင်လေးတစ်ယောက်နဲ့တွေ့ စသဖြင့် သာမာန် ရေးထားပါတယ်။

မြန်မာပြည်ရောက်လာတဲ့အခါ လိပ်စာရှာတွေ့လို့ ကိုယ်သွားချင်တဲ့ အိမ်ကို ဆိုက်ဆိုက်မြိုက်မြိုက်ရောက်နေတဲ့ မိန်းကလေးက ဒီအိမ်မှာ သူတွေ့ချင်တဲ့သူ ဘယ်သူလဲဆိုတာ မသိတာတော့ ညံ့လွန်းလှပါတယ်။ ဒီအိမ်ထဲကို သူရောက်ပြီး နောက်မှရောက်လာတဲ့ စိုင်းစိုင်းခမ်းလှိုင် (ကျော်ကျော်) က သူ့ကိုယ်သူ ပင် (ထိုင်းမလေး) တစ်ကယ်တွေ့ချင်တဲ့ မိုးနိုင်ပါလို့ပြောတာကို တစ်ကားလုံး ယုံနေပါတယ်။ အဲ့ဒါဆို ဘယ်သူနဲ့တွေ့လို့ သူကဒီအိမ်ထဲ ရောက်နေပါသလဲ??? တစ်ယောက်ယောက်ကများ ပင် ရောက်နေတာ မိုးနိုင်ကို လှမ်းအကြောင်းမကြားတော့ဘူးလား???

ပိုဆိုးတာက အဲ့ဒီအချက်ကို ဇာတ်ရဲ့ လှည့်ကွက်တစ်ခုအဖြစ် အသုံးပြုဖို့ ဆုံးဖြတ်လိုက်တာပါပဲ။ မိုးနိုင်က သူ့အိမ်လာတဲ့ဧည့်သည် ဘယ်သူနဲ့ ပါသွားပြီး ဘယ်တွေရောက်နေသလဲဆိုတာ ဇာတ်လမ်းတောက်လျှောက် စိတ်မဝင်စားခဲ့ပါဘူး။ ကျော်ကျော် (စိုင်းစိုင်းခမ်းလှိုင်) ကလည်း တစ်ကယ်ဆိုရင် သူ့သူငယ်ချင်း မိုးနိုင်နဲ့ ကြိုညှိပြီးသားဖြစ်နေသင့်ပါပြီ။ ဒါကြီးက အခန့်မသင့်လို့ လူပျောက်တိုင်လိုက်ရင် အမှုက အကြီးကြီးရယ်။ အခုတော့ ကျော်ကျော့် ဖုန်းကို မိုးနိုင်ကဆက်တဲ့အခါ ကျော်ကျော်မရှိတဲ့အချိန် ပင် က ကိုင်လိုက်မိတော့မှ နင် ထိုင်းကလာတဲ့ ပင်လားဆိုတော့ကာ...

အဲ့ဒီအချိန်မှာ သူ့ဧည့်သည်က မြန်မာပြည်တစ်ပတ် ပြည့်ခါနီးနေပြီ။

စိုင်းစိုင်းခမ်းလှိုင် ကိုလည်း သူစိတ်ရှိသရွှေ့ အနှောင်အဖွဲ့ကင်းကင်းနဲ့ ပင် (ထိုင်းမလေး) ကို လိုက်ပို့လို့ရအောင် စလာတဲ့အခန်းမှာကတည်းက အိမ်ရှင် (သို့မဟုတ်) ကြွေးရှင်က အိမ်မှာကြွေးလာတောင်း...

နောက်တစ်ခန်းမှာ ဖုန်းဝင်လာပြီး ပြူးတူးပြဲတဲနဲ့ "ဗျာ... ဆရာ... ကျွန်တော့်ကို အလုပ်ထုတ်လိုက်တယ်... ဟုတ်လား" ဆိုတော့...

အလုပ်ထုတ်ခံရတဲ့ တစ်ခန်းလောက် နည်းနည်းလေးစဉ်းစားလိုက်တာနဲ့ ရေးလို့ ရိုက်လို့ ရနိုင်ပါတယ်။ ဇာတ်အတွက်လည်း လိုအပ်တဲ့ ဇာတ်ကွက်လို့ယူဆပါတယ်။ အလုပ်ပျက်အကိုင်ပျက်၊ ရက်ရှည်လိုက်ပို့ရမှာလေ။

အခုဟာက မပြနိုင်ဘဲ အပြောကြီးသက်သက်နဲ့...

ရန်ကုန်စာတိုက်ကြီးမှာ ခုံနံပါတ် ၁၅ သွားရှာတာကလည်း VIP ဆန်ဆန်။ တွေ့တာကလည်း ဆိုက်ဆိုက်မြိုက်မြိုက်။ လွယ်လွန်းအားကြီးပါတယ်။

ရန်ကုန်ကနေ အထက်မြန်မာပြည်ကိုအသွား လမ်းမှာ ဘယ်ထန်းတောမှ ဝင်အိပ်စရာအကြောင်းကို မရှိတာပါ။ ကြိုက်တဲ့လမ်းကသွား။ (နိုင်ငံခြားသားမို့လို့ ဒေသအကြောင်းမသိဘဲ ရေးလိုက်မိပါတယ်ဆိုရင်တော့ မလေ့လာပဲရေးထားတဲ့ ဇာတ်ညွှန်းရေးသူမှာ တာဝန်ရှိပါတယ်။ သိရဲ့သားနဲ့ လှရင်ပြီးရော လျှောက်ရိုက်ထားတယ် ဆိုရင်တော့လည်း...)

ပြင်ဦးလွင်ရောက်တော့ ဂုတ်ထိပ်တံထားကို ရထားနဲ့ဖြတ်တာ ပြချင်တာနဲ့ပဲ မိုင်ပေါင်းများစွာမောင်းလာတဲ့ ဂျစ်ကားအစုတ်ကို ချက်ချင်းပျက်ခိုင်းလိုက်ပါတယ်။ အဲ့ဒီကားကို စမိတ်ဆက်တဲ့ အခန်းမှာကတည်းက ကားက စက်နှိုးလို့ဖို့ခက်နေတာပါ။ အဲ့ဒါကို ပြင်ဦးလွင်ရောက်မှ ချက်ချင်းပျက်ရတယ်လို့။ (တစ်လမ်းလုံး ကားကအကောင်းနော်။ နည်းနည်းလေးတောင် တစ်ခုခုဖြစ်တာမပြထားဘူး။) ကားပျက်တာတောင် သွားရင်းလာရင်း ပင်ပင်ပန်းပန်းလေးမပျက်ဘဲ သွားချင်တဲ့နေရာရောက်၊ ညအိပ် နောက်နေ့မနက်ရောက်မှ အေးအေးဆေးဆေး သန့်သန့်ပြန့်ပြန့်လေး ကားပျက်ပါတယ်။

လုပ်မဲ့လုပ် ပြင်ဦးလွင်အဝင်မှာကားပျက်၊ ကြိုးစားပြင်ကြည့်၊ ပြင်မရ။ ပျက်တဲ့ကားကို အနီးနားက အိမ်တစ်အိမ်မှာအပ်ခဲ့၊ ၃ ဘီးဆိုင်ကယ်တစ်စီးကို ငှါးပြီးဆက်သွားကြ၊ သွားနေရင်း ၃ ဘီးသမားဆီဖုန်းဝင်လာ၊ ကိုယ်ဝန်နဲ့ သူ့မိန်းမဗိုက်နာလို့ အိမ်အမြန်ပြန်ရမယ်လို့ပြော၊ ဘေးကဖြတ်လာတဲ့ ရထားလုံးကိုငှါးပေး (ရထားလုံးတန်းငှါးလိုက်ရင် ရိုးလွန်းအားကြီးလို့)၊ ပင်က ခရီးမဆုံးသေးပေမဲ့ ကျသင့်ငွေကို ထုတ်ပေးလိုက်။ ၃ ဘီးသမားက ကျေးဇူးတင်။ လုပ်ချင်ရင် ဇာတ်သိမ်းနားမှာ အဲ့ဒီ ၃ ဘီးသမားနဲ့ မွေးလာမဲ့ သူ့ကလေးလေးကို ိုပြန်ထည့်လို့ရပါသေးတယ်။

ပင် ထိုင်းကိုပြန်သွားတာ ဘယ်လောက်ကြာတယ်ပေါ့။ (ဘယ်နှနှစ်ကြာသော်ဆိုပြီး စာတန်းထိုးစရာမလိုတဲ့နည်း။)

အဲ့ဒါဆို ရထားလုံးလေးနဲ့ ပြင်ဦးလွင်မနက်ခင်း Scene လေး တစ်ခန်းလောက်ထည့်လို့ရသွားပြီ။ ဝါသနာပါရင် ရထားလုံးစီးနေတဲ့ နန္ဒ (နေတိုး) နဲ့ သူဇာ (ဝတ်မှုံရွှေရည်) (နောက်ကြောင်းပြန်)နဲ့ တစ်ခါတည်း Parallel ပြလို့ရသေးတယ်။

ဥပမာ။ ရထားလုံးစီးပြီးပျော်နေတဲ့ ပင် ကို စိုင်းစိုင်းခမ်းလှိုင် က ပြုံးပြီးငေးကြည့်နေ။ ပင်ကရှက်ပြီး ခေါင်းလေးငုံ့လိုက်။ ကောင်လေးလက်က ကောင်မလေးလက်ကို ဖွဖွလေးကိုင်လိုက်တာကို အနီးကပ်ရိုက်ပြလိုက်။ ကောင်မလေးလက်က ကောင်လေးလက်ကို တင်းတင်းကျပ်ကျပ်ပြန်ကိုင်လိုက်။ မသိရင် သူတို့နှစ်ယောက် ကြိုက်သွားသလိုလို။

နောက်တစ်ကဒ်ပြန်ပြတော့မှ လက်ကိုင်လိုက်တာ နန္ဒ(နေတိုး) နဲ့ ကောင်မလေးလက်က သူဇာ(ဝတ်မှုံရွှေရည်) ဖြစ်နေ။ မြူလေးတွေဆိုင်းတော့ ပျော်နေတဲ့ သူဇာက ရထားလုံးအပြင်ကို လက်ဝါးလေးဖြန့်ပြီးထုတ်လိုက်။ ဖြန့်ထားတဲ့ကောင်မလေးလက်ဝါးက အခုခေတ် ပင် ရဲ့ လက်ကလေးပြန်ဖြစ်နေ။ စိုင်းစိုင်းခမ်းလှိုင်က ကောင်မလေးကို ငေးကြည့်နေဆဲ။

Dialogue လေးဖြည့်ဦးမလား? ရသေးတယ်။

ပင် - သူမ ဒီမှာ အရမ်းပျော်ခဲ့မှာပဲလို့ ငါခံစားမိတယ်။

(ရထားလုံးအပြင်ကို လက်ဝါးလေးထုတ်ထားရင်း ရှုခင်းလေးကို ငေးကြည့်ရင်းပြော။)

စိုင်း - မင်းရော အခုအရမ်းပျော်နေတာလား ပင်။

(ပင် ကို ကြည်ကြည်နူးနူးလေးစိုက်ကြည့် နေရင်းပြော)

ပင် - ရှင်တော့ ငရဲပြည်နဲ့ နီးလာပြီထင်တယ်။

(စိုင်းစိုင်းခမ်းလှိုင် ဘက်လှည့်၊ ပြန်ပြုံးုပြရင်းပြော။ စကားဆုံးတာနဲ့ မျက်မှောင်ကျုံ့ပြီး ရုပ်ကိုချက်ချင်းတည်လိုက်။

သူငယ်ချင်းစိတ်ထက်ပိုပြီး တစ်ခုခုစိတ်ပြောင်းမိရင် ငရဲကျပါစေသားဆိုပြီး သူတို့ခရီးမထွက်ခင် ရွှေတိဂုံဘုရားမှာ ပင်က ကျော်ကျော်ကို ကျိန်ခိုင်းထားပြီးသား။ သူ့ဇာတ်ညွှန်းထဲကဟာလေးပဲ ပြန်သုံးထားတာ။)

စိုင်း - ငါကတော့ အရမ်းကိုသာယာလှပတဲ့ ကောင်းကင်ဘုံကို ရောက်နေပြီလို့ထင်တာပဲ။

(ရယ်ရယ်မောမောဖြင့် ပင် ကို စနောက်ရင်း သူတို့ ဦးတည်သွားနေတဲ့ ဘုရားကျောင်းကို မေးငေါ့ပြရင်းပြောလိုက်။)

ဘုရားကျောင်းထဲရောက်၊ တစ်ခန်းပြီး။

နောက်တစ်နေ့ မနက်မှ ကားပြင်လို့မရကြောင်းပြော၊ ရထားနဲ့ဆက်သွား၊ ဂုတ်ထိပ်တံတားဖြတ်။

အဲ့လောက်လေးတော့ ရေးလို့ ရိုက်လို့ ရပါတယ်။ ထားပါတော့လေ။ နောက်ကြောင်းပြန် နန္ဒနဲ့ သူဇာအကြောင်းဆက်ပြောရအောင်။

နေတိုး (နန္ဒ) နဲ့ ဝတ်မှုံရွှေရည် (သူဇာ) တို့ရဲ့ နောက်ကြောင်းပြန် ဇာတ်လမ်းကတော့ ဘဝအကြောင်းနားလည်ချင်လို့ ဆင်းရဲချင်ယောင်ဆောင်ပြီး အောက်ခြေသိမ်းအလုပ်လုပ်နေတဲ့ ကျိကျိတက်ချမ်းသာသော သူဌေးသားလေးနဲ့ မိဘမဲ့ ကျောင်းဆရာမလေးတို့ရဲ့ ဇာတ်လမ်းပါပဲ။ ဖန်တရာတေ ထူးမခြားနား ကျောရိုးပါ။

ဒါပေမဲ့ ချစ်စရာကောင်းတဲ့ ဇာတ်ကွက်ကလေးတွေတော့ ရှိပါတယ်။ နန္ဒနဲ့ သူဇာစတွေ့တဲ့အချိန်မှာ လိပ်စာသိရအောင် ကြိုးစားတဲ့ ဇာတ်ကွက်ကလေးနဲ့ ရည်းစားစာပို့တဲ့ ဇာတ်ကွက်ကလေးတွေပါပဲ။

ကလေးတွေကို စာပို့နည်းသင်ဖို့ စာတိုက်ကို ရောက်လာတဲ့ ဆရာမလေးသူဇာရဲ့ လိပ်စာကိုသိရဖို့ စာပို့သမားလေး နန္ဒ က ကလေးတွေကိုစာပို့နည်း ကူသင်ချင်ယောင်ဆောင်ရင်း လိပ်စာမေးလိုက်တာပါ။

သူဇာက အိမ်နံပါတ်ညာပြောဖို့ကြိုးစားခဲ့ပေမဲ့ ၁၃ လမ်းမှာ မရှိတဲ့ အိမ်နံပါတ်ကိုပြောမိလို့ စာပို့သမားလေးတစ်ယောက်အနေနဲ့ ချက်ချင်းသိပြီး လိပ်စာအမှန်ကို သူဇာပြောပြလိုက်ရပါတယ်။ (နေ့တိုင်းစာပို့နေရတာဆိုတော့ ဘယ်လမ်းမှာ အိမ်နံပါတ်ဘယ်လောက်ထိ ရှိနေတယ်ဆိုတာခန့်မှန်းခြေ သိနေနိုင်ပါတယ်။)

နန္ဒရဲ့ အကြောင်းပြချက်ကတော့ ကလေးတွေ ကိုယ်တိုင်ရေးပြီး ကိုယ်တိုင်ပထမဆုံးပို့တဲ့စာ လိပ်စာမှားရင်ရောက်မှာမဟုတ်ဘူး ဆိုတဲ့အတွက်ကြောင့်ပါ။

အိမ်အောက်ကိုချထားတဲ့ ကြိုးက ကလစ်လေးမှာ စာလေးတွေ နေ့တိုင်းလာချိတ်ထားတာကလဲ ရန်ကုန်မြို့ရဲ့ ခေါင်းလောင်းကြိုး ယဉ်ကျေးမှုလေးကို ပြနိုင်ပါတယ်။ နှမြောစရာကောင်းတာကတော့ ရိုက်ဖို့စီစဉ်ထားတဲ့ အခန်းရဲ့ ပြတင်းပေါက် Close Up Shot တွေကလွဲလို့ ဘေးပတ်ဝန်းကျင်ကို မပြနိုင်တာပါပဲ။ Location အခက်အခဲကြောင့် ဘေးပတ်ဝန်းကျင် နေအိမ်တွေနဲ့ ပတ်ဝန်းကျင်အနေအထားတွေ၊ ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းတွေကို ရှောင်ရိုက်ရတယ်လို့ ယူဆပါတယ်။

ကျန်တာကတော့ ထူးမခြားနားဇာတ်ကွက်တွေပါပဲ။ နန္ဒအိမ်မှာ လုပ်တဲ့ နန္ဒအမေမွေးနေ့ပွဲမှာ နန္ဒအဒေါ်နဲ့ နန္ဒအမေတို့ရဲ့ ပြဇာတ်ဆန်တဲ့ သဘာဝမကျသော စကားလုံးတွေကို တွေ့မြင်ရမှာဖြစ်ပါတယ်။

ဖုန်းလာတယ်ဆိုပြီးလာခေါ်လို့ ဖုန်းသွားပြောတဲ့ နန္ဒတစ်ယောက် သူဇာနဲ့ သူ့အမေ၊ သူ့အဒေါ်တွေ ပြဿနာဖြစ်ပြီးလို့ သူဇာထပြန်သွားတဲ့အထိ ပြန်ရောက်မလာခဲ့ပါဘူး။

နောက်ထပ်အချိန်အတိုင်းအတာတစ်ခုကြာမှ နောက်တစ်မြို့မှာ သူဇာ့ကို ပြန်ရှာတွေ့ပါတယ်။ သမီးရည်းစားနှစ်ယောက် ပြန်တွေ့ကြပြီး ပြန်အဆင်ပြေသွားကြတဲ့ ကြည်နူးစရာအချိန်မှာ နန္ဒအမေက သူဇာ့ကို လာတွေ့ပြီး ဖြောင်းဖြပြောဆိုဖို့ အချိန်ရလောက်အောင် နန္ဒတစ်ယောက် ဘယ်တွေများရောက်နေခဲ့ပါသလဲ??? နန္ဒအမေကရော ဘယ်လိုသိပြီးလိုက်လာပါသလဲ???

ဇာတ်သိမ်းမှာလည်း ထိုင်းမှာ ပြန်နေနေတဲ့ ပင် ကို အရင်ကတည်းကသိပြီးသား ထူးထူးခြားခြား မရှိတဲ့ (ဦးနန္ဒသက်ရှိထင်ရှားရှိနေသေးတယ်)

စတဲ့ အကြောင်းအရာတွေနဲ့ပဲ မြန်မာပြည်ရောက်အောင် ပြန်ခေါ်ထားပါတယ်။ မထူးခြား၊ မခိုင်လုံတဲ့ ဇာတ်လှည့်ကွက်တွေ လို့ယူဆပါတယ်။

ဇာတ်ညွှန်းပိုင်းဆိုင်ရာ အားနည်းချက်ပေါင်းများစွာရှိတဲ့ ရုပ်ရှင်တစ်ကားဖြစ်ပါတယ်။ ဇာတ်ညွှန်းရေးသူကို ကျွန်တော်မသိပါဘူး။ သူ့ရာဇဝင်ကိုလည်း ကျွန်တော်မသိပါဘူး။ သူရေးတဲ့ တစ်ခြားဇာတ်ညွှန်းတွေလည်း မသိပါဘူး။ ပုဂ္ဂိုလ်​ရေး ပြဿနာလည်းမရှိပါဘူး။ စိတ်ရှင်းရှင်းနဲ့ပြောနိုင်တာ တစ်ခုကတော့ သာမာန်အဆင့်ထက်တောင် နည်းနည်းပိုညံ့တယ်လို့ သတ်မှတ်လို့ရတဲ့ ဇာတ်ညွှန်းတစ်ခုဖြစ်ပါတယ်။

ဒါရိုက်တာ

=======

ဒီဇာတ်ကားအတွက် ညံ့ပါတယ်။

ဇာတ်ကားတစ်ကားရဲ့ အဓိကတာဝန်အရှိဆုံးထဲက ၁ ဦး ဖြစ်ပါတယ်။

သူရိုက်ခဲ့တဲ့ ဇာတ်ကားတွေကိုမကြည့်ဖူးသလို သူ့ကိုလည်းမသိပါဘူး။ ဒီဇာတ်ကားကိုတော့ ကားကောင်းတစ်ကားဖြစ်အောင် မဖန်တီးနိုင်ခဲ့ဘူးလို့ ယူဆပါတယ်။

မျက်နှာသစ် ဇာတ်ရံတွေရဲ့ ရပ်ကွက်အပျော်တမ်းပြဇာတ်အဆင့် သရုပ်ဆောင်မှုတွေကို ဒီအတိုင်းပိတ်ကားပေါ် တက်စေခဲ့ပါတယ်။ ဘာသာစကား အခက်အခဲကြောင့်လို့ပြောရင်တော့ ဘာသာစကားနားလည်တဲ့ လက်ထောက်ဒါရိုက်တာတစ်ယောက် ရှိမနေခဲ့ဘူးလို့ယူဆပါတယ်။ ရုပ်ရှင် Credit ထဲမှာလည်း မြန်မာလက်ထောက်ဒါရိုက်တာ နာမည်ထိုးထားတာ ကျွန်တော်မတွေ့ခဲ့ပါဘူး။ ရှိနေခဲ့တယ်ဆိုရင်လည်း အဲ့ဒီလက်ထောက်ဒါရိုက်တာပါ ပူးတွဲတာဝန်ရှိပါတယ်။

သရုပ်ဆောင်ရွေးချယ်မှုအပိုင်းမှာလည်း အနည်းငယ် လွဲမှားခဲ့တယ်လို့ ထင်ပါတယ်။ နေတိုးအသက်ကြီးလာလို့ နေအောင်ဖြစ်သွားတယ်ဆိုတာ တော်တော်လေး ဆိုးရွားခဲ့တဲ့ ဆုံးဖြတ်ချက်ပါ။ လိုချင်တဲ့ အသက်အရွယ်ရအောင် မိတ်ကပ်အသုံးပြုပြီး လုပ်နိုင်ပါလျက်နဲ့ လုံးဝကွဲပြားခြားနားတဲ့ အခြားသရုပ်ဆောင်တစ်ဦးကို အစားထိုးဖို့ရွေးချယ်ခဲ့တာ ဘယ်လိုအကြောင်းပြချက်များကြောင့်လည်းလို့ သိချင်မိပါတယ်။ ဘာမှပိုအကျိုးမရှိတဲ့အပြင် ဒေသခံပရိသတ်အတွက်ကတော့ တော်တော်ကသိကအောင့် ဖြစ်စရာပါ။ သူဇာအသက်ကြီးလာတဲ့ အချိန်မှာ ထိုင်းသရုပ်ဆောင်တစ်ဦး ဖြစ်နေတာကတော့ ဘာသာစကားကြောင့်လို့ ယူဆပါတယ်။

ရိုက်ပြချင်တဲ့ Location အလှ၊ Camera frame အလှတွေကိုလည်း အကျိုးအကြောင်းဆီလျော်မှုကင်းမဲ့စွာ Music Video ဆန်ဆန်သာ ထည့်သွင်းရိုက်ကူးနိုင်ခဲ့ပါတယ်။ ဇာတ်ကိုထူးထူးခြားခြားပံ့ပိုးနိုင်ခြင်း မရှိပါဘူး။

အဆိုးရွားဆုံး အညံ့ဖျင်းဆုံးကိစ္စတစ်ခုကတော့ စပွန်ဆာကုန်ပစ္စည်းတွေကို ပညာသားမပါလှစွာ အလွယ်တကူ ထည့်သွင်းရိုက်ကူးထားတဲ့ ကိစ္စပါ။ စပွန်ဆာယူထားရင်တော့ ထည့်ရိုက်ပေးရမှာပါပဲ။ Product Placement ဆိုတာ သေသေချာချာသပ်သပ်ရပ်ရပ် ထည့်သုံးတတ်ရင် Props (ဇာတ်ဝင်ပစ္စည်း) အနေနဲ့ အဓိပ္ပါယ်ရှိရှိ လှလှပပ အသုံးချလို့ရပါတယ်။

လေဆိပ်ရောက်လို့ Bangkok Airway ကောင်တာမှာဝင်တာ၊ လေယာဉ်ပျံတက်သွားတဲ့နေရာမှာ Bangkok Airway လေယာဉ်ကိုပြတာ၊ လေဆိပ်အထွက်မှာ ဖုန်းပါဝါပြန်ဖွင့်လိုက်လို့ dtac (Telenor) logo တက်လာတာတွေအထိ လက်ခံနိုင်တဲ့ အတိုင်းအတာရှိပါတယ်။

ညံ့ဖျင်းလှတဲ့ ဇာတ်ကွက်တစ်ခုကတော့ Brands ကြက်ပေါင်းရည်ပါ။ ရှမ်းပြည်တစ်နေရာမှာ ခရီးသွားနေတုန်း အဆက်အစပ်ကင်းမဲ့လှစွာနဲ့ စိုင်းစိုင်းခမ်းလှိုင်က ပင် ကို ဒါလေးကထူးခြားတယ်သောက်ကြည့်ပါလားလို့ ပြောပြီး ပုလင်းလေးတစ်ခုပေးပါတယ်။ ပုလင်းမြင်တာနဲ့ ဘာလဲဆိုတာ ပရိသတ် တော်တော်များများသိပါတယ်။ နောက်တစ်ခါအဲ့ဒီပုလင်းကို စားပွဲပေါ်တင်လိုက်တဲ့အချိန်မှာတော့ တမင်သက်သက် ပေါ်ပေါ်တင်တင် အကျိုးအကြောင်းကင်းမဲ့လှစွာ Brands ကြက်ပေါင်းရည် Logo ကို ကင်မရာဘက်လှည့်ပြီး Big Close Up ရိုက်ချက်နဲ့ ရိုက်ပြပါတယ်။

စပွန်ဆာကုမ္ပဏီကတော့ သဘောကျကောင်းကျပါလိမ့်မယ်။ ရုပ်ရှင်အနေနဲ့ကြည့်ရင်တော့ အကျိုးအကြောင်း ဆက်စပ်မှု ကင်းမဲ့လွန်းတဲ့ ဇာတ်ကွက်တစ်ခုလို့မြင်ပါတယ်။

ဒီထက်ပိုပြီး သိမ်သိမ်မွေ့မွေ့ ပညာသားပါပါပြသင့်ပါတယ်။

ဒီကားအတွက် ဒါရိုက်တာညံ့ပါတယ်။

သရုပ်ဆောင်

=========

ကျော်ကျော် (စိုင်းစိုင်းခမ်းလှိုင်)

=====================

ကိုစိုင်းကတော့ ထုံးစံအတိုင်းပါပဲ။ ကြိုးစားထားတယ်ဆိုတာ မယုံနိုင်စရာမရှိပေမဲ့ ယောက်ယက်ခတ်နေတုန်းပါပဲ။

ကိုစိုင်းအတွက် အရမ်းနှမြောစရာကောင်းတဲ့ ဇာတ်ဝင်ခန်း ၂ ခန်းရှိပါတယ်။

ပထမတစ်ခန်းက ပင် ပြန်သွားပြီဆိုပြီး လေဆိပ်ရှေ့ကားပါကင်မှာ ကြေကွဲပြီးကျန်ခဲ့တဲ့ အခန်းပါ။ ပင် ပြန်သွားပြီဆိုပြီး ဆို့နင့်ကြေကွဲနေရာမှ ရုတ်တရက် ခေါင်းကိုပြန်မော့လိုက်တဲ့အခါ သူ့ကိုစိုက်ကြည့်နေတဲ့ ပင်ကို တွေ့လိုက်ရတဲ့အခါ မယုံနိုင်သလိုဖြစ်သွား၊ အံ့သြ၊ ဝမ်းသာပြီး နောက်ဆုံး ဟန်မဆောင်နိုင်လောက်အောင်အူမြူးတဲ့အထိ တစ်ဆင့်ခြင်း တဖြည်​းဖြည်​း ပြောင်းသွားရမှာပါ။ အခုက ထုံးစံအတိုင်း မျက်လုံးပြူး၊ ပါးစပ်ဟ၊ ခေါင်းခါနဲ့ပဲ ပြီးသွားပါတယ်။

နောက်တစ်ခန်းကတော့ သူသည် မိုးနိုင်မဟုတ်ကြောင်း ပင် သိသွားပြီး ထွက်သွားတဲ့အခန်းပါ။

ကားပေါ်ရောက်နှင့်နေပြီးသား ပင်ကို ရှင်းပြဖို့ကြိုးစားရာမှာလည်း ရောက်သင့်တဲ့ ခံစားချက်မျိုးအထိရောက်အောင် ဆွဲခေါ်မသွားနိုင်ခဲ့ပါဘူး။ အင်္ဂလိပ်​လို Dialogue ပြောရတာခြင်းအတူတူ ပင်ရဲ့ ထိုင်းသံဝဲဝဲ အသံထွက်ကတောင် ပေးချင်တဲ့ ခံစားချက်မှန်သမျှကို ရောက်အောင် ဆွဲခေါ်သွားနိုင်ခဲ့ပါသေးတယ်။

နန္ဒ (နေတိုး)

=========

ကိုနေတိုး နည်းနည်း Over ဖြစ်နေပါတယ်။ သရုပ်ဆောင်ဖို့ကိုသာ အာရုံစိုက်လွန်းတဲ့ ပုံစံဖြစ်နေပြီး ခံစားချက်နဲ့ သရုပ်ဆောင်တဲ့ သရုပ်ဆောင်မှုမျိုးကိုမမြင်ခဲ့ရပါဘူး။

သဘာနဲ့ အတွေ့အကြုံအရ အလိုလိုရှိနေတဲ့ နေတိုးရဲ့ acting တွေကိုပဲမြင်နေရပါတယ်။ နေတိုးဟာ နေတိုးပဲဖြစ်နေခဲ့ပြီး နန္ဒမဖြစ်ခဲ့ပါဘူး။

(ဇော်က ကနေသည်၊

နှလုံးသားစီရင်ခန်း၊

နောက်ဆုံးကဗျာ စတဲ့ဇာတ်ကားတွေထဲက ကိုနေတိုးကို သတိရမိပါတယ်။)

သူဇာ (ဝတ်မှုံရွှေရည်)

==============

ဇာတ်ကားတောက်လျှောက် မိတ်ကပ်အရမ်းများလွန်းနေတာကလွဲလို့ အဆင်ပြေတယ်လို့ ပြောရမှာပါ။

နန္ဒအမေ၊ နန္ဒအဒေါ်တို့နဲ့ စကားများပြီး ပြန်ခါနီးမှာ Dialogue ပြောသွားတဲ့ Acting ကတော့ နည်းနည်း Over ဖြစ်ပြီး သရုပ်ဆောင်နေတယ် ဆိုတာကြီး ပြန်ပေါ်လာပါတယ်။

ပင် (Nan Whan)

============

Over ဖြစ်တဲ့သူကဖြစ်၊ ယောက်ယက်ခတ်တဲ့သူကခတ်နေတဲ့ သရုပ်ဆောင်မှုတွေရဲ့ကြားမှာ ရိုးရိုးရှင်းရှင်း သရုပ်ဆောင်မှုလေးတစ်ခုက ကြည့်ရတဲ့ပရိသတ်ကို သက်တောင့်သက်သာ ဖြစ်စေခဲ့ပါတယ်။

ဇာတ်ရံသရုပ်ဆောင်များ

================

တော်တော်များများ (အားလုံးမဟုတ်ပါ) ဇာတ်ရံသရုပ်ဆောင်များ ရဲ့ သရုပ်ဆောင်မှုများ ဆိုးရွားလှပါတယ်။ Dialogue တွေပြောတာ စာဖတ်နေသလိုပါပဲ။

မန္တ​လေးတက္ကသိုလ်ထဲမှာ နန္ဒရဲ့ သူငယ်ချင်း ၃ ယောက်နဲ့ အမှတ်မထင်ဆုံတဲ့အခန်းဆို တော်တော်လေး စိတ်ပျက်စရာကောင်းလှပါတယ်။

နိဂုံး

===

ဒီဇာတ်ကားကို Thailand’s Magenta Media နဲ့ မိုးကောင်းကင်ရုပ်ရှင်ထုတ်လုပ်ရေးတို့ ပူးပေါင်းထုတ်လုပ်ပါတယ်။

မိုးကောင်းကင်ရုပ်ရှင်ထုတ်လုပ်ရေးက ထုတ်လုပ်သူ U Suu Wann က "ထိုင်းနိုင်ငံက ပရိသတ်တွေကို ကျွန်တော်တို့ဆီက သရုပ်ဆောင်တွေရဲ့ အရည်အချင်းကို သိစေချင်လို့ ဒီဇာတ်ကားကို ထုတ်လုပ်ခဲ့ပါတယ်" လို့ The Voice ကိုဖြေကြားခဲ့တယ်ဆိုတာကို အောက်ပါ link မှာဖတ်ရှုနိုင်ပါတယ်။ http://yangon.coconuts.co/2016/06/30/thai-myanmar-blockbuster-bangkok-mandalay-coming-theaters-october

ဒီဇာတ်ကားရဲ့ ကုန်ကျစရိတ်စုစုပေါင်းဟာ လက်ရှိမြန်မာဇာတ်ကားတွေထက်များမယ် ဆိုတာ အလွယ်တကူခန့်မှန်းနိုင်ပါတယ်။

Production အဆင့် ၃ ဆင့်လုံးအတွက် သေသေချာချာအချိန်ယူပြင်ဆင် သပ်သပ်ရပ်ရပ်လုပ်ခဲ့မယ်ဆိုတာတော့ သေချာပါတယ်။ Setting တွေ၊ Props တွေ၊ Costume တွေ တော်တော်လေး အသေးစိတ်ပြင်ဆင်ထားပါတယ်။ ဒါတောင် နောက်ကြောင်းပြန်တဲ့ခေတ်က ရထားကိုတော့ ပီပြင်အောင် မပြနိုင်ဘဲ ရှိတဲ့ရထားနဲ့သာ ရိုက်ခဲ့ရပါတယ်။

မြန်မာပြည်ရဲ့ရှုခင်းအလှတွေကိုသာ အသားပေးရိုက်ပြဖို့ ရည်ရွယ်ခဲ့တဲ့ Commercial Travelogue ဆန်ဆန် သာမာန်ရုပ်ရှင် ကားတစ်ကားသာဖြစ်ပါတယ်။ Location အလှအပတွေကိုပြတယ်ဆိုတာ ငွေသုံးနိုင်ရင် သုံးနိုင်သလောက် သွားရိုက်လို့ရပါတယ်။ ဘာပညာသားမှ မပါပါဘူး။ နေဝင်ချိန် ဦးပိန်တံတားမှာ ဘာပဲရိုက်ရိုက်လှပါတယ်။ ဂုတ်ထိပ်တံတားကို Drone နဲ့ရိုက်ရင် ဘယ်ဒါရိုက်တာပဲ ရိုက်ရိုက်လှနေပါလိမ့်မယ်။ Drone Pilot Skill နဲ့ ဒါရိုက်တာရဲ့ Idea ပေါ်မူတည်ပြီးတော့ ဇာတ်လမ်းအတွက်ဘယ်လို ပိုပြီးအကျိုးရှိရှိအသုံးပြုနိုင်တယ်ဆိုတာတော့ ကွာပါလိမ့်မယ်။ အခုက သာမာန်ပါပဲ။

ဒီဇာတ်ကားသာ မြန်မာကားတစ်ကားဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော် ဘာမှ ရေးနေမှာမဟုတ်ပါဘူး။ ရိုက်တဲ့သူကိုယ်စား မုဒိတာပွားပေးနေမှာပါ။

ချီးကျူးဂုဏ်ယူစရာတစ်ခုအနေနဲ့ မြန်မာပြည်မှာ အောင်ပြည့်စုံ Lighting အဖွဲ့လိုမျိုး Professional ဆန်ဆန် အလုပ်လုပ်နိုင်တဲ့ Local Lighting တစ်ဖွဲ့ ရှိနေပါတယ်။ အောင်ပြည့်စုံ Lighting အဖွဲ့အတွက် ဂုဏ်ယူပါတယ်။

အဓိကပြောခင်တဲ့အချက်က ဒီဇာတ်ကားဟာ ထိုင်းကားဖြစ်ပါတယ်။ ထိုင်းဒါရိုက်တာ၊ ထိုင်းထုတ်လုပ်ရေးနဲ့ ထိုင်း Crew တွေ ရိုက်ထားကြတာပါ။ အရုပ်လှတာတွေ၊ အသံစနစ်ကောင်းတာတွေက ထိုင်းကားတစ်ကားအနေနဲ့ကြည့်ရင် ဘာမှမထူးခြားပါဘူး။

Teacher's Diary လို ထိုင်းကားမျိုး၊

Heart Attack လို ထိုင်းကားမျိုးတွေနဲ့ ယှဉ်ရင် အဆပေါင်းများစွာ ညံ့ဖျင်းလှပါတယ်။

၂၀၁၃၊ ၂၀၁၄ ဝန်းကျင်လောက်က ရုံတင်ပြသခဲ့တဲ့ "ဘယ်လိုအချစ်မျိုးလဲ" ဆိုတဲ့ ထိုင်း - မြန်မာ ဖက်စပ်ရုပ်ရှင်ကားလေးကတောင် ဒီထက်အများကြီး ပိုကောင်းပါတယ်။ ထိုင်းမင်းသမီး Kawe Korravee နဲ့ မြန်မာရွှေ့ပြောင်းလုပ်သားလေးတစ်ဦးတို့ သရုပ်ဆောင်ထားကြတာပါ။

ကျွန်တော်တို့ဆီက Main Stream ရုပ်ရှင်လောကဟာ Popular ဖြစ်တဲ့နောက်ကို လိုက်လေ့ရှိကြပါတယ်။ ဟာသကားတစ်ကား ပိုက်ဆံသောက်သောက်လဲရနေရင် တစ်လောကလုံး ဟာသကားလိုက်ရိုက်ပါတယ်။ သရဲဆိုလည်း ၃၅ လမ်းတစ်လမ်းလုံး သရဲခြောက်ပါတယ်။ တစ်ယောက်က နိုင်ငံခြား DOP ဆိုတိုင်း နောက်က တစ်သီတစ်တန်းကြီးလိုက်ငှါး ကြပါတယ်။ မငှါးရဘူးလို့မဆိုလိုပါဘူး။ တစ်ကယ် အကျိုးရှိမရှိ၊ အရည်အချင်းဘယ်လောက်ရှိမရှိ၊ သေသေချာချာသိလို့ ငှါးတာမျိုးထက် သူများလုပ်လို့လိုက်လုပ်တာများပါတယ်။ အပင်ပန်းခံပြီး အဆက်​အသွယ်​ရှာတာမျိုးတောင် တော်တော်ရှားပါတယ်။ သူများငှါးပြီးသား အဆက်အသွယ်ရှိပြီးသားလူကိုပဲ အလွယ်တကူ ခေါ်သုံးကြပါတယ်။

အခုလည်း ထိုင်းဒါရိုက်တာ၊ ထိုင်း Crew ၊ ထိုင်းထုတ်လုပ်ရေးဖက်စပ်ဆိုပြီး လုပ်နေကြပါပြီ။ နေတိုး၊ စိုင်းစိုင်းခမ်းလှိုင်၊ ဝတ်မှုံရွှေရည် တို့ရဲ့ Star power နဲ့ အရုပ်လှလှ၊ အသံကောင်းကောင်းတွေကြားမှာ အောင်မြင်(ဝင်ငွေရ)တဲ့ ကားတစ်ကားဖြစ်လာပါလိမ့်မယ်။

နိုင်ငံခြားသားဆို အလွယ်တကူ မျက်စိမှိတ်အထင်ကြီးလေ့ရှိကြတဲ့ မြန်မာပြည်ကလူတော်တော်များများ (အားလုံးမဟုတ်ပါ) ရဲ့ ထုံးစံအတိုင်း အနောက်ကတစ်ပြုံတမကြီး ထိုင်းဖက်စပ် ရုပ်ရှင်ကားတွေ ရိုက်ဖို့ကြံစည်ကြပါလိမ့်မယ်။ တစ်ကယ်တော်နေရင် ထိုင်းမကလို့၊ ဘင်္ဂလားဒေ့ရှ်ကပဲ ငှါးငှါးအရေးမကြီးပါဘူး။ ဟောလိဝုဒ်လိုနေရာမျိုးမှာတောင် အမေရိကန်တွေချည်းပဲ ကြီးစိုးနေတာမှမဟုတ်တာ။ ကိုယ်ညံ့ရင် ကိုယ်ကျန်နေခဲ့မှာပါပဲ။ မထူးဆန်းပါဘူး။

အခုဟာက နိုင်ငံခြားသားဆိုပြီး စွတ်အထင်ကြီး ပိုက်ဆံတွေနင်းကန်ပေး၊ တစ်ကယ်အလုပ်လုပ်တော့ အိုးနင်းခွက်နင်း ချိုမိုင်မိုင်တွေပိုပိုများလာတာ မျက်မြင်ကိုယ်တွေ့တွေ ဖြစ်နေလို့ပါ။

နောက်ဆုံးအနေနဲ့ ပြောချင်တာက ဇာတ်ကားဆုံးရင် လူအကုန်စုံပြီး ဇာတ်ကားနာမည်အော်နေတဲ့ မြန်မာကားတစ်ချို့နဲ့ ပြိုင်ကားတွေမောင်း၊ ခပ်ပေါပေါ ဖိုက်တင်တွေချ၊ ရေကူးကန်ဘေးမှာ ကောင်မလေးတွေကနေတတ်တဲ့ အဆင့်မရှိသော မြန်မာကားတွေထက်တော့ သာပါတယ်။ ပိုက်ဆံပေးရတာခြင်းအတူတူရင် ကြည့်ရတာပိုတန်ပါလိမ့်မယ်။

ထိုင်းကားတစ်ကားအနေနဲ့တော့ ခပ်ညံ့ညံ့ ထိုင်းအချစ်ဇာတ်ကားတစ်ကားလို့ပဲ သတ်မှတ်ပါတယ်။

ပြည့်ဇော်ဖြိုး

30.10.2016 (Sunday)

ဟူ၍ ဖေ့ဘွတ်အသုံးပြုသူကရေးထားပါတယ်။ ဘာပဲဖြစ်ဖြစ် ခါတိုင်းကားတွေနှင့် မတူညီတဲ့ ဇာတ်ပုံစံမျိုးဖွဲ့စည်းထားတဲ့အတွက် ကိုယ်တွေကြည့်ရင်တော့ တန်လောက်မှာပါနော်။

Anna

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။