ရန်ကုန်တွင် နောက်၆လအတွင်း ကိုယ်ဝန်ဆောင်ခြင်းမပြုရန် နှိုးဆော်

ရန်ကုန်တိုင်းအတွင်းနေထိုင်သည့် အိမ်ထောင်သည်အမျိုးသမီးများ အနေဖြင့် နောက်ထပ် ၆လအတွင်း ကိုယ်ဝန်မယူကြရန်နှင့် ကိုယ်ဝန်ဆောင်များအနေဖြင့်လည်း ခြင်ကြား အကိုက်မခံရအောင် သတိပြုနေထိုင်ကြရန် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နှိုးဆော်ချက် ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးလွင်ငြိမ်းက ယနေ့ အောက်တိုဘာ ၂၈ရက်၊ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားလိုက်သည်။

ဇီကာဗိုင်းရပ်စ် ကူးစက်ခံထားရသည့် နိုင်ငံခြားသူ ကိုယ်ဝန်ဆောင်အမျိုးသမီးတဦးအား ရန်ကုန်တွင် တွေ့ရှိကြောင်း အောက်တိုဘာ ၂ရရက်ညတွင် သတင်းထုတ်ပြန်လိုက်ပြီးနောက် ယခုကဲ့သို့ နှိုးဆောင်လိုက်ခြင်း ဖြစ်သည်။

အဆိုပါ နိုင်ငံခြားသူအမျိုးသမီးသည် မည်သည့်နိုင်ငံသူဖြစ်ပြီး မည်သည့်မြို့နယ်တွင် နေထိုင်သည်ကိုမူ ကမ္ဘာ့ကျန်းမာရေးညွှန်ကြားချက်များအရ ပြောဆို၍ မရကြောင်း ယနေ့သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။

သို့ရာတွင် ဇီကာရောဂါနှင့်ပတ်သက်သည့် လိုအပ်သော ကာကွယ်ထိန်းချုပ်နှိမ်နှင်းရေးလုပ်ငန်းများကို အထူးအလေးပေးလုပ်ဆောင်နေသည်ဟု ဆိုသည်။

ယင်းကိစ္စနှင့်ပတ်သက်ပြီး ပြည်သူများအနေဖြင့် စိုးရိမ်မှုမလွန်ကဲကြရန်နှင့် အစိုးရအနေဖြင့် ပိုးလောက်လန်းနှင့် ခြင်ကြားနှိမ်နှင်းရေး တိုးမြှင့်လုပ်ဆောင်သွားမည်ဟု ဒေါက်တာစိုးလွင်ငြိမ်းက ပြောသည်။

Credit - Mizzima Burmese

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။