ဇီကာဗိုင်းရပ်စ်ရောဂါ ကာကွယ်ရေး သတိပေးနှိုးဆော်ချက်

ဇီကာဗိုင်းရပ်စ်ရောဂါပိုး ဆိုသည်မှာ ရောဂါပိုး သယ်ဆောင်ထား သည့် အေးဒီးစ်ခြင်ကျား ကိုက်ခံရ ခြင်းမှ ကူးစက်ပျံ့နှံ့ ဖြစ်ပွား တတ်သော ရောဂါတစ်မျိုး ဖြစ်ပါသည်။

ဇီကာဗိုင်းရပ်စ် သယ်ဆောင်ထားသော အေးဒီးစ်ခြင်ကျား သည် ရေကြည်ရေ သန့်တွင် ပေါက်ဖွားသည်။ ရေလှောင်ထားသောအိုး၊ ခွက်၊ တိုင်ကီ၊ ပန်းအိုး၊ ရေတင်ကျန်လျက်ရှိသော စွန့်ပစ်ပစ္စည်းများ ဖြစ်သည့် ကားတာယာ၊ ပလတ်စတစ်ခွက် စသည်တို့တွင် တွေ့ရသည်။ နေ့ဘက်အချိန်တွင် လူကို ကိုက်ခြင်းမှ တစ်ဆင့် ရောဂါကူးစက်ခြင်း၊ ဇီကာဗိုင်းရပ်စ်ရောဂါပိုးရှိသူနှင့် လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်ဖြစ်ပွားစေ ပါသည်။

ဇီကာဗိုင်းရပ်စ်ရောဂါသည် ခြင်ကိုက်ခံရပြီး နှစ်ရက်မှ ခုနှစ်ရက် အတွင်း ရောဂါလက္ခဏာများ စတင် ဖြစ်ပွားလာနိုင်ပြီး ရောဂါကူးစက်ခံရသူ ငါးဦးတွင် တစ်ဦး၌ ရောဂါလက္ခဏာများ ပြသနိုင်ကြောင်း သိရှိရပါသည်။ အဓိက လက္ခဏာများမှာ ဖျားခြင်း၊ အရေပြားပေါ်တွင် အနီအစက်များ ထွက်ခြင်း၊ မျက်စိနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနှင့်အဆစ်များ နာကျင်ခြင်းတို့ဖြစ်တတ် ပါသည်။ ဇီကာ ဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ဖြစ်ပွားခြင်း၊ နောက်ဆက်တွဲအဖြစ် ကိုယ်ဝန်ဆောင်မိခင် များတွင် ဇီကာ ဗိုင်းရပ်စ်ရောဂါ ကူးစက်ခံရပါက ဦးနှောက်သေးငယ်သော ကလေးငယ်များ မွေးဖွား လာနိုင်ပါသည်။

ဇီကာဗိုင်းရပ်စ်ရောဂါအတွက် ကာကွယ်ဆေး မရှိသေးပါ။ ရောဂါလက္ခဏာ သက်သာရန်အတွက်သာ ကုသပေးနိုင်ပါသည်။ ရောဂါကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် အကောင်းဆုံး ကာကွယ်နည်းမှာ ခြင်ကိုက် မခံရအောင် နေထိုင်ခြင်း၊ ခြင်ကျား ပိုးလောက်လမ်းနှိမ်နင်းရေး လုပ်ငန်းကို ကျန်းမာရေးဌာန များနှင့်ပူး ပေါင်းဆောင်ရွက်ရန် လိုအပ်ပါသည်။ ထို့အပြင် ကိုယ်ဝန်ဆောင်မိခင်များ၊ ကိုယ်ဝန်ယူရန် ပြင်ဆင်ထားသူများ အနေဖြင့် လည်း ရောဂါကူးစက်ခြင်းမှ ကာကွယ်ရန် ဇီကာဗိုင်းရပ်စ်ရောဂါ လက်ရှိ ဖြစ်ပွား လျက်ရှိသော အခြားနိုင်ငံများ သို့ခရီးသွားလာခြင်းကို ရှောင်ကြဉ်သင့်ပါ သည်။ ရောဂါ ဖြစ်ပွားသည့် နိုင်ငံများသို့ သွားရောက်သူများနှင့် အလုပ်လုပ် ကိုင်နေသူ အမျိုးသားများအနေဖြင့် ရောဂါမကူးစက်စေရန် သတိပြုနေထိုင်ခြင်း၊ မိမိနိုင်ငံသို့ပြန်လာစဉ် သံသယရောဂါ လက္ခဏာများ တွေ့ရှိပါကနီးစပ်ရာ ကျန်းမာရေး ဌာနသို့ ချက်ချင်း သတင်းပေးပို့ပါရန် အသိပေး နှိုးဆော်အပ်ပါသည်။

Credit - ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

"Myanmarload's content is copyrighted and only allowed to appear on Myanmarload website. Please respect our copyrights"
Myanmarload မှရေးသားသောသတင်းများသည် Myanmarload၏ မူပိုင်သတင်းများဖြစ်ပြီး Myanmarload Website ထဲတွင်သာ ဖတ်ရှုနိုင်ပါသည်။ ကျွန်ုပ်တို့၏ မူပိုင်ခွင့်ကိုလေးစားသောအားဖြင့် တစ်ဆင့်ကူးယူဖော်ပြခြင်းမပြုရန် မေတ္တာရပ်ခံအပ်ပါသည်။