တရုတ်နိုင်ငံ၊ ဟီဘေး ပြည်နယ်က လုရှူကျောက်ဆိုတဲ့ အသက် ၁၇ နှစ်အရွယ် ကောလိပ်ကျောင်းသားလေးဟာ မိဘမဲ့တစ်ဦးအဖြစ် ကြီးပြင်းလာခဲ့တာပါ။ သူ့သွေးသား မိဘတွေဟာ မွေးကင်းစမှာပဲ ပွဲစားတစ်ယောက်ဆီ ကလေးကို ရောင်းစားလိုက်ပါတယ်။ ကံကောင်းလို့ မွေးစားမိဘကောင်းကောင်း လက်ထဲ ရောက်သွားခဲ့ပေမဲ့ သူ့အသက် ၄ နှစ်မှာ မွေးစားမိဘ နှစ်ပါးလုံး ဗုံးပေါက်ကွဲမှုမှာ သေဆုံးခဲ့ရပါတယ်။
မွေးစားမိဘတွေရဲ့ အဖေ အမေတွေ ဆွေမျိုးတွေက လုရှုကျောက် ကလေးလေးကို တစ်လှည့်စီ ခေါ်ထားပေးပေမဲ့လည်း အဆင်မပြေခဲ့တာကြောင့် နောက်ဆုံးတော့ သူဟာ မိဘမဲ့ဂေဟာတွေမှာပဲ ကြီးပြင်းလာခဲ့ရပါတယ်။ ခက်ခဲတဲ့ ဘဝကြီးကို ဖြတ်သန်းလာပြီး လွန်ခဲ့တဲ့ တစ်နှစ်ကတော့ ရဲတွေနဲ့ တိုင်ပင်ကာ မိဘအရင်းတွေကို ရှာဖို့ ကြိုးစားပါတော့တယ်။
အင်တာနက်မှာ ကြော်ငြာခဲ့ပြီး တစ်နှစ်အကြာမှာ ဒီအန်အေ စစ်ရင်း မိဘ အရင်းတွေကို ရှာတွေ့သွားပါတော့တယ်။ အဖေက တရုတ်နိုင်ငံထဲမှာပဲ ရှိပြီး အမေက မွန်ဂိုလီးယားမှာပါ။ သူတို့မှာ သားသမီး ၅ ယောက် ရှိပြီး ကွာရှင်းထားပြီးသားပါတဲ့။ လုဟာ လွန်ခဲ့တဲ့ တစ်လက အဖေနဲ့ တွေ့ခဲ့ပြီး ပြီးခဲ့တဲ့အပတ်က မွန်ဂိုက အမေ့ဆီ သွားခဲ့ပါတယ်။
အံ့သြစရာကောင်းတာက အဖေအရင်းဖြစ်သူဟာ သူ့ နောက်မိန်းမ ငြိုငြင်မှာစိုးလို့ဆိုပြီး သားကို လက်မခံခဲ့ပါဘူး။ အမေကလည်း ဒီလိုအွန်လိုင်းမှာ ဟိုးလေးတကျော် ဖြစ်အောင် လုပ်တာဟာ သူတို့ဆီက ပိုက်ဆံလိုချင်လို့လားဆိုပြီး စွပ်စွဲခဲ့တာမှအပ ကြင်နာနွေးထွေးမှု မပြခဲ့ပါဘူးတဲ့။ သနားစရာ လုလေးဟာ ကြိုးစားပမ်းစားနဲ့ မိဘတွေကို ရှာဖွေခဲ့၊ တွေ့လည်း တွေ့ပေမဲ့ အကြီးအကျယ် စိတ်ထိခိုက်သွားရတယ်လို့ သိရပါတယ်။ ဒီသတင်းကို South China Morning Post မှာ တင်္နလာနေ့က ဖော်ပြခဲ့တာပါ။