မြင်ဖူးနေကျပုံစံနဲ့ မတူတဲ့ ‌ဘောလိဝုဒ်ဇာတ်ကား

//s9.kh1.co/72/720670057d41031b80cef36b5cf688b079f6edb1.jpg
ဖျော်ဖြေရေးများ

 ၀၇-ဒီ-၂၀၂၁ ၁၀am · လွန်ခဲ့သော ၂ နှစ် က

.

ဘောလိဝုဒ်ဇာတ်ကား ပရိသတ်တွေအတွက် ဒီနှစ်ထဲမှာပဲ ထွက်ထားတဲ့ ဒရမ်မာ ဇာတ်ကားတစ်ကားရှိပါတယ် ဝတ္ထုစာအုပ်ကို အခြေခံထားတဲ့ ရုပ်ရှင်ဇာတ်ကားဖြစ်ပြီး နာမည်ကြီးသရုပ်ဆောင်တွေနဲ့ ရိုက်ကူးထားတာပါ ဘောလိဝုဒ်ပရိသတ်တစ်ယောက်ဆို ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ် 

The White Tiger လို့ အမည်ရတဲ့ ဇာတ်ကားပါ အမေရိကန် ဒါရိုက်တာ Ramin Bahrani က ရိုက်ကူးပေးထားတာဖြစ်ပြီး မင်းသား Adarsh Gourav,Rajkummar Rao နဲ့ မင်းသမီး Priyanka Chopra တို့က အဓိကဇာတ်ဆောင်နေရာက သရုပ်ဆောင်ထားပါတယ်

scene from The White Tiger
scene from The White Tiger

မင်းသား Adarsh ရဲ့ ပထမဆုံး အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ရတဲ့ ဇာတ်ကားပါ ဇာတ်လမ်းဟာ ၂၀၀၈ ခုနှစ်က စာရေးဆရာ Aravind Adiga ရေးသားထုတ်ဝေခဲ့တဲ့ The White Tiger ဝတ္ထုပေါ်မှာ အခြေခံထားတာ ဖြစ်ပါတယ် ၂၀၁၀ ခုနှစ်မှာ ဇာတ်ကားအဖြစ် ရိုက်ကူးဖို့ ဆုံးဖြတ်ခဲ့ပြီးနောက် ၂၀၁၉ ခုနှစ် အောက်တိုဘာကနေ ဒီဇင်ဘာအထိ ဒေလီမြို့မှာ ရိုက်ကူးခဲ့ပါတယ် တခြား ဘောလိဝုဒ်ကားတွေနဲ့ မတူတဲ့အချက်က ဒီကားထဲမှာ ဟင်ဒီစကားနဲ့ အင်္ဂလိပ်စကားနှစ်မျိုးကို အသုံးပြုခဲ့တာပါ ဒီကားထဲမှာ ကောင်လေးတစ်ယောက် ဉာဏ်နီဉာဏ်နက်တွေသုံးပြီး ဆင်းရဲတွင်းက လွတ်အောင် ကြိုးစားပုံကို ကြည့်ကြရမှာပါ 

The White Tiger Book
The White Tiger Book

ဇာတ်လမ်းအကျဉ်းကတော့ Balram ဆိုတဲ့ကောင်လေးဟာ ဒေလီမြို့မှာ ကျောင်းတက်ဖို့ စကောလားရှစ် ရခဲ့ပေမဲ့ ဆင်းရဲတာကြောင့်‌ရော အဖေဆုံးသွားတာကြောင့်ရော ကျောင်းမတက်နိုင်ပဲ အဖွားခိုင်းစေမူနဲ့ လက်ဖက်ရည်ဆိုင်မှာ အလုပ်လုပ်ခဲ့ရပါတယ် သူဟာ သူဌေးသား Ashok နဲ့ သူ့ဇနီးတို့အတွက် ကားသမားအဖြစ် အလုပ်လုပ်ပေးချင်ပြီး အဖွားကို လစာပြန်ပေးမယ်ဆိုတဲ့ ကတိနဲ့ ကားမောင်းသင်တန်းတက်ခဲ့ပါတယ် ဒီလိုနဲ့ အခွန်ရှောင်နိုင်ဖို့ နိုင်ငံရေးသမားတွေကို  လာဘ်ထိုးမဲ့ကိစ္စနဲ့ Ashok နဲ့ သူ့ဇနီးတို့ ဒေလီကိုသွားဖို့ စီစဉ်နေချိန် Balram က ဉာဏ်နီဉာဏ်နက်သုံးပြီး လက်ရှိကားသမား အလုပ်ထုတ်ခံရအောင် ကြံပြီးနောက် သူကကားသမားအဖြစ် ဒေလီကို ရောက်သွားပါတယ် Ashok နဲ့ Pinky တို့ လင်မယားဟာ အမေရိကန်မှာ နေသူတွေဖြစ်တာကြောင့် ကားသမားကိုလည်း ရင်းရင်းနှီးနှီးဆက်ဆံပေမဲ့ အစေခံအဖြစ်ပဲ မြင်ကြဆဲပါ

scene from The White Tiger
scene from The White Tiger

ဒီလိုနဲ့ Pinky ရဲ့ မွေးနေ့မှာ လင်မယားနှစ်ယောက်စလုံး မူးနေကြပြီး Pinky က မူးမူးနဲ့ ကားကိုတက်မောင်းရင်း ကလေးတစ်ယောက်ကို တိုက်သတ်မိသွားပါတယ် အဲ့အမူအတွက် သူတို့မိသားစုက Balram ကို ခေါင်းခံခိုင်းဖို့ စီစဉ်ခဲ့ပါတယ် နောက်ဆုံး ဘယ်သူမှ တရားစွဲမခံလိုက်ရပေမဲ့ ဒီမိသားစုဟာ အသုံးမလိုတော့တဲ့အချိန်ကျရင် သူ့ကိုစွန့်ပစ်မှာပဲဆိုတာကို Balram က ကောင်းကောင်းနားလည်လိုက်ပြီးနောက်ပိုင်းတော့ သူပါချမ်းသာအောင် ဉာဏ်နီဉာဏ်နက် မျိုးစုံသုံးပြီး ကြိုးစားတာကို ကြည့်ရှူရမဲ့ ဇာတ်လမ်းတစ်ခုဖြစ်ပါတယ် 

scene from The White Tiger
scene from The White Tiger

ဒီဇာတ်ကားကို လာ့စ်ဗီးဂတ်းစ်မြို့မှာ ၂၀၂၁ ဇန်နဝါရီ ၆ ရက်နေ့က မိတ်ဆက်ခဲ့ပြီး ၁၃ ရက်နေ့မှာတော့ အမေရိကန်က ရုပ်ရှင်တချို့မှာ ရုံတင်ပြသခဲ့ပါတယ် Netflix ပေါ်ကိုတော့ အဲ့ဒီလ ၂၂ ရက်နေ့က စရောက်လာခဲ့ပါတယ် ၉၃ ကြိမ်မြောက် အကယ်ဒမီဆုပေးပွဲမှာ အကောင်းဆုံး ဇာတ်လမ်းပြင်ဆင်ထားတဲ့ ဇာတ်ကားဆုမှာ ဆန်ကာတင်စာရင်း ဝင်ခဲ့ပါတယ် Asian World Flim Festival မှာတော့ ခေါင်းဆောင်မင်းသား Adarsh Gourav က Snow Leopard မျက်နှာသစ် ဆုကို ရရှိခဲ့ပါတယ် ဒီဇာတ်ကားဟာ ဝေဖန်ရေးဆရာတွေရဲ့ Review ကောင်းတွေကိုပါ ရရှိထားတာကြောင့် ဘောလိဝုဒ်ပရိသတ်တွေရော ပရိသတ်မဟုတ်သူတွေရော အချိန်ရရင် ကြည့်ကိုကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်

Aung Pyae Sone
Aung Pyae

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T