တီးလုံးသံများ၊ မီးရှူးမီးပန်းများ၊ အကများနှင့် ချီတက်ခဲ့ကြတဲ့ အိန္ဒိယရိုးရာမင်္ဂလာပွဲဟာ ကြက်အကောင်ရေ ၆၃ ကောင် သေဆုံးမှုအတွက် အပြစ်တင်ခံခဲ့ရပါတယ်။ သန်းခေါင်ယံမတိုင်မီလေးတွင် အရှေ့ပိုင်း Odisha ပြည်နယ်ရှိ ကြက်မွေးမြူရေးခြံကို ဖြတ်သွားစဉ် ပါတီဟာ နားကွဲမတက် အသံများ ထွက်ပေါ်နေခဲ့တယ်လို့ Ranjit Kumar Parida က ပြောကြားခဲ့ပါတယ်။ ကြက်တွေငှက်တွေမှာ လူတွေလို အသံခံနိုင်ရည်စွမ်းမရှိတော့ ကြက်တွေလည်းကြောက်တာပေါ့။
"သီချင်းက အရမ်းဆူညံပြီး ကြက်တွေကို ကြောက်ေစခဲ့တာကြောင့် တီးဝိုင်းအော်ပရေတာတွေကို အသံလျှော့ခိုင်းခဲ့တယ်။ ဒါပေမယ့် သူတို့နားမထောင်တဲ့အပြင် သတို့သားရဲ့သူငယ်ချင်းတွေက ကျွန်တော့်ကို ပြန်အော်ပြောတယ် " လို့ Parida က အေအက်ဖ်ပီသို့ ပြောကြားခဲ့ပါတယ်။ ကြက်တွေ နှလုံးဖောက်ပြီး သေဆုံးသွားတယ်လို့ တိရစ္ဆာန်ဆေးကုဆရာဝန်က ပါရီဒါကို ပြောပြခဲ့ပြီးနောက် မင်္ဂလာပွဲစီစဉ်သူတွေက လျော်ကြေးပေးဖို့ ငြင်းဆိုခဲ့တာကြောင့် ရဲကို တိုင်ကြားခဲ့ပါတယ်။
တိရစ္ဆာန်အမူအကျင့်ဆိုင်ရာ စာအုပ်ကို ရေးသားခဲ့သူ သတ္တဗေဒပါမောက္ခ Suryakanta Mishra က ကျယ်လောင်သောဆူညံသံဟာ ငှက်များတွင် နှလုံးသွေးကြောဆိုင်ရာရောဂါ ဖြစ်နိုင်ခြေကို တိုးမြင့်စေကြောင်း Hindustan Times သို့ ပြောပြခဲ့ပါတယ်။ "ကြက်များကို နေ့ရောညပါ သဘာဝအလင်းရောင်/အမှောင်စက်ဝန်းမှ ထိန်းချုပ်ထားသော circadian စည်းချက်ဖြင့် ထိန်းသိမ်းမွေးမြူရပါတယ်။ ကျယ်လောင်တဲ့ တေးဂီတကြောင့် ရုတ်တရက် စိတ်လှုပ်ရှားမှု ဒါမှမဟုတ် စိတ်ဖိစီးမှုက သူတို့ရဲ့ ဇီဝနာရီကို အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်" လို့ Mishra မှ ပြောကြားခဲ့ခြင်း ဖြစ်ပါတယ်။
ရဲတွေက ဒီကိစ္စကို “အပြန်အလှန်ဖြေရှင်း” ဖို့ စည်းရုံးပြီးနောက် ဒီဇာတ်လမ်းမှာ ကြက်တွေ ကလွဲလို့ ပျော်ရွှင်စရာကောင်းတဲ့ ဇာတ်သိမ်းဖြစ်ခဲ့ပါတယ်။ "(ကြက်မွေးမြူရေးသမား) က တိုင်ကြားချက်ကို ရုပ်သိမ်းလိုက်တဲ့အတွက် အရေးယူဆောင်ရွက်မှု တစ်စုံတစ်ရာ မလုပ်ခဲ့ဘူး" လို့ ရဲအရာရှိ Droupadi Das က ပြောကြားခဲ့ပါတယ်။ ကြက်တွေငှက်တွေမွေးတဲ့အခါ တီးလုံးသံတွေ မဆူလောင် မကျယ်စေဖို့ အသိပေးလိုက်ရပါတယ်။
သတင်း အရင်းအမြစ်៖ IOL