ပျော်ရွှင်မှု အစစ်အမှန်ကို ဘယ်လိုရှာဖွေမလဲ

//s9.kh1.co/8a/8a7214c677ab1494573c6c7c4fc60f2dbf17723b.jpg
ကျန်းမာရေးနှင့် အလှအပရေးရာ

 ၂၂-နို-၂၀၂၁ ၄pm · လွန်ခဲ့သော ၂ နှစ် က

.

        ဒီခေတ်ထဲ မပျော်နိုင်တဲ့လူတွေ ပိုများလာတာ သတိထားမိမှာပါ။ ကျွန်မတို့လို ရောဂါဘေးရော နိုင်ငံရေးအခြေအနေကြောင့်ရော အဖက်ဖက်က stress များရတဲ့ နိုင်ငံကလူတွေဆို ပိုဆိုးပေါ့။ ဒါပေမဲ့ တိုးတက်နေပါတယ်ဆိုတဲ့ နိုင်ငံကြီးတွေမှာလည်း Depression rate က နည်းမသွားတဲ့အပြင် ပိုလို့တောင် များလာနေပါသေးတယ်။ ဒါဆို ပိုင်ဆိုင်မှု ရုပ်ဝတ္ထုပစ္စည်းတွေက ကျွန်မတို့ကို ပျော်ရွှင်စေတာ တကယ် ဟုတ်ရဲ့လား ပြန်စဥ်းစားသင့်ပြီ ထင်ပါတယ်။

     စာဖတ်သူကို တစ်ချက် ပြန်မေးကြည့်ပါမယ်။ သင့်ဘဝမှာ အပျော်ဆုံး အချိန်ကို မှတ်မိပါသလား။ ဘယ်တုန်းက ဘာကြောင့် ပျော်ခဲ့တာလဲ ပြန်စဥ်းစားကြည့်ပါ။ သင့်ကို ဘယ်အရာတွေက ပျော်ရွှင်စေတာလဲ။ အခုရော သင်ပျော်လား။ ခဏလေး တွေးကြည့်ပြီးမှ စာကို ဆက်ဖတ်ပါနော်။

©pinterest
©pinterest

     လူအများစုအတွက် ပျော်ရွှင်မှုရဲ့ ရင်းမြစ်၊ ဒါမှမဟုတ် ပျော်ရွှင်စေတဲ့ အကြောင်းတရားတွေက မိသားစု၊ ချစ်သူ၊ အလုပ်အကိုင်၊ အောင်မြင်မှု၊ သံယောဇဥ် စတာတွေ ဖြစ်လိမ့်မယ်လို့ ထင်ပါတယ်။ ကျွန်မ ကိုယ်တိုင်လည်း ဒီအရာတွေကို တန်ဖိုးထားပါတယ်။ ဒါပေမဲ့ ကျွန်မတို့ သေချာတွေး ကြည့်ရအောင်။ မိသားစု၊ ချစ်သူ၊ သူငယ်ချင်းပဲဖြစ်ဖြစ် ကိုယ်ချစ်ရတဲ့ အိမ်မွေးတိရစ္ဆာန်လေးပဲဖြစ်ဖြစ် တစ်နေ့ကျရင် ရှင်ကွဲမဟုတ်တောင် သေကွဲ ကွဲရမှာပဲ မဟုတ်လား။ အလုပ်၊ ငွေကြေး၊ ပညာ၊ အောင်မြင်မှု ဒါတွေကရော ဘယ်လောက် တည်မြဲသလဲ။ ကိုယ့်ရဲ့ ပျော်ရွှင်မှုဟာ ဒီအရာတွေအပေါ် မူတည်နေတယ်ဆိုရင် ဒါတွေ မရှိတော့တဲ့အခါ ဝမ်းနည်းအားငယ်ပြီး နာကျင်ရမယ်။ ပျော်ချင်ရင် ဒီအရာတွေကို အမြဲတမ်း ရှာဖွေနေရမယ်။ အလိုလိုနေရင်းမှ ခက်ခဲနေတဲ့ ဘဝကို ကျွန်မတို့က ပိုပြီး ခက်သည့်ထက်ခက်အောင် လုပ်မိနေတာနဲ့ တူပါတယ်။

©Pinterest
©Pinterest

        ကျွန်မတို့ မပျော်မရွှင်ဖြစ်ရတာ ဘာကြောင့်လဲ။ ခုနကလို ပြင်ပအရာတွေ (external factors) တွေကို လိုက်လံရှာဖွေနေမိလို့ပါပဲ။ ဒါဆိုရင် တကယ့် ပျော်ရွှင်ခြင်း အစစ်အမှန်ကို ရှာချင်ရင်အပြင်မှာ ရှာလို့ မတွေ့နိုင်ပါဘူး။ မိမိကိုယ်တွင်းမှာ ပြန်ရှာရပါမယ်။ စာဖတ်သူအတွက် ကျွန်မလည်း ကူညီ ရှာပေးမှာမို့လို့ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းနှစ်ခုကို သေချာလေးဖတ်ပြီး လိုက်လုပ်ကြည့်ပါနော်။

         စိတ်အတွင်းသဏ္ဍာန်ရဲ့ ငြိမ်းချမ်းမှု (Inner peace) ကို ရှာဖွေဖို့ အကောင်းဆုံး နည်းလမ်းကတော့ တရားထိုင်ခြင်း (Meditation) ပဲ ဖြစ်ပါတယ်။ သင်ဟာ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဒီလို mindfulness meditation ကို လုပ်ကြည့်လို့ ရပါတယ်။ ပျော်ချင်ရင်လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ခုနောက်ပိုင်း သိပ္ပံနည်းကျ စမ်းသပ်စစ်ဆေးချက်တွေအရ တရားထိုင်ခြင်းဟာ ဦးနှောက်ရဲ့ ဆက်သွယ်အလုပ်လုပ်ပုံ၊ စဥ်းစားပုံတွေကို တကယ်ပြောင်းလဲစေနိုင်တာ တွေ့ရှိလာရလို့ပဲ ဖြစ်ပါတယ်။

ပျော်ရွှင်မှုကို ရရှိဖို့ အကောင်းဆုံး တရားထိုင်နည်း နှစ်နည်း ရှိပါတယ်။

©Pinterest
©Pinterest

1. Positive - thinking meditation

ဆိတ်ငြိမ်ရာ တစ်နေရာမှာ သက်သောင့်သက်သာထိုင်လိုက်ပါ။ မျက်လုံးလေးကို မှိတ်ပြီး ဝင်လေ ထွက်လေကို အာရုံစိုက်ပါ။ စိတ်ထဲမှာ အတွေးပေါင်းစုံပေါ်လာပါလိမ့်မယ်။ အတွေးတွေကိုအရမ်း မဖိနှိပ်ဘဲနဲ့ အရှိအတိုင်း လက်ခံလိုက်ပါ။ ပြီးတော့ အဲဒီ negative thoghts ကို positive ဖြစ်အောင် ပြောင်းပါ။ ဥပမာ ငါ ဒီနေ့ ဝိတ် ၂ပေါင်တောင် တက်လာတယ်လို့ တွေးမိတယ်ဆိုရင် ငါက ငါ့ခန္ဓာကိုယ်ကို သဘောကျတယ်၊ ငါ ကျန်းမာနေတယ်၊ ငါ လိုချင်တဲ့ ဝိတ်ကိုရအောင် လေ့ကျင့်ခန်း လုပ်နိုင်တယ်ဆိုတဲ့ ကိုယ့်ကိုယ်ကို အားပေးတဲ့ အတွေးမျိုး၊ အကောင်းမြင်စိတ်နဲ့ကြည့်တဲ့ အတွေးမျိုး ပြောင်းတွေးပေးပါ။ အဲဒီလိုပြောင်းတွေးလိုက်တဲ့အခါ စိတ်ထဲ ဖြစ်ပေါ်လာတဲ့ နွေးထွေးမှုကို ပျော်ရွှင်စွာ ခံစားပါ။

ဒါကို များများ လေ့ကျင့်ပေးရင် နောက်ဆို စိတ်ထဲ negative emotion ပေါ်လာတိုင်း သတိနဲ့ ထိန်းပြီး Positive ဖြစ်အောင် ပြောင်းနိုင်သွားပါလိမ့်မယ်။

©Pinterest
©Pinterest

2 . Letting go meditation

ဒါလည်း ခုနကလို သက်သောင့်သက်သာ အနေအထားမှာ မျက်စိကိုမှိတ်ပြီး အသက်ရှူသွင်း ရှူထုတ် လုပ်နေပါ။ ဒီတစ်ခါ ကျရင်တော့ ကိုယ့်ရဲ့မှတ်ဥာဏ်ထဲ၊ စိတ်ကူးထဲက လိုချင်တဲ့အရာ ၅ ခု ကို ပုံဖော်ပါ။ လူ၊ ပစ္စည်း၊ နေရာ ဘာမဆို ရပါတယ်။ ရပြီးသွားရင် အဲဒီအရာတွေကို စွန့်လွှတ်လိုက်ပြီ၊ မရှိတော့ဘူးလို့ တ၀်ခါထပ်ပြီး တွေးလိုက်ပါ။

ဒီလေ့ကျင့်ခန်းကတော့ ကျွန်မတို့ဟာ ခေတ်နဲ့အညီ လိုက်နေရတဲ့ လူသားတွေ ဖြစ်တာကြောင့် လိုချင်တာ ရချင်တာတွေ ရှိနေဦးမှာပဲ။ ဒါကို နပယ်သတ်နိုင်သေးတဲ့ အချိန်မှာ အနည်းဆုံးတော့ ဒီအရာတွေကို စွန့်လွှတ်လိုက်ရလည်း ငါ ဘာမှ မဖြစ်ဘူးဆိုတဲ့ အတွေးမျိုးရအောင် လေ့ကျင့်ပေးတာ ဖြစ်ပါတယ်။

တစ်နေ့ကို ၁၀ မိနစ် အချိန်ပေးပြီး တရားထိုင်ရုံနဲ့ ပျော်ရွှင်ခြင်းအစစ်အမှန်ကို ရှာဖွေနိုင်တဲ့အကြောင်း ပြောပြရင်း နိဂုံးချုပ်လိုက်ပါတယ်။

အားလုံး ပျော်ရွှင်ပါစေနော်။

Eaint

Eaint Yadanar Min
Eaint

ဆက်စပ်သတင်း

မူပိုင်ခွင့် Mediaload
Powered by Bong I.T Bong I.T